အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ လက်ခံကျင်းပဖို့ စီစဉ်ထားတဲ့ အမေရိကန်နဲ့ အာဆီယံ (၁၀) နိုင်ငံ ထိပ်သီးညီလာခံကို ရွှေ့ဆိုင်းလိုက်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောဆိုကြောင်း မနေ့ကထုတ်တဲ့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
ထိပ်သီးညီလာခံကို မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာကျင်းပမယ်လို့ အမေရိကန်က ကြေညာထားတာဖြစ်ပြီး အဲဒီရက်တွေမှာ အာဆီယံနိုင်ငံတချို့က ခေါင်းဆောင်တွေမတက်ရောက်နိုင်တာကြောင့် ရွှေ့ဆိုင်းလိုက်တာလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ဖုန်းမက်ဆေ့ ကနေတဆင့် ပြောတယ်လို့ ဆိုပါတယ်။
တချို့အာဆီယံနိုင်ငံခေါင်းဆောင်တွေက တောင်းဆိုလာတာကြောင့် ညီလာခံရက်ကို ရွှေ့ဆိုင်းဖို့ လက်ရှိအာဆီယံဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အကြံပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်ခွင့်ပြုဖို့ အာဆီယံရဲ့ဆုံးဖြတ်ချက်ကို လိုက်နာမှာဖြစ်တယ်လို့ အမေရိကန်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းက လူပေါင်းရာထောင်ချီပြီး ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ လူပေါင်း ၃ သိန်းလောက် အိုးအိမ် စွန့်ခွာထွက်ပြေးနေရမှုတွေ ရပ်တန့်ရေး သဘောတူညီချက်ကို စစ်ကောင်စီက မလိုက်နာတဲ့အတွက် ပြီးခဲ့တဲ့နှစ် ကတည်းက အာဆီယံရဲ့အရေးပါတဲ့ အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။
အမေရိကန် အာဆီယံထိပ်သီးညီလာခံဟာ တရုတ်ရဲ့သြဇာကြီးမားလာမှုကို တွန်းလှန်ရေးမှာ အရေးပါတဲ့ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အမေရိကန်ရဲ့ အားထုတ်မှုအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။
ဒီညီလာခံကို ၂၀၂၂ အစောပိုင်းမှာကျင်းပဖို့စီစဉ်ခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါကြောင့် နှောင့်နှေးနေခဲ့တာပါ။
ဒီညီလာခံကျင်းပရေးဟာ အမေရိကန်အစိုးရရဲ့ ဦးစားပေးအစီအစဉ် တစ်ခုဖြစ်သလို အမေရိကန်-အာဆီယံရဲ့ဆက်ဆံရေး ၄၅ နှစ်ပြည့်အထိမ်းအမှတ်လည်းဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ပြန်ကြားရေး တာဝန်ခံ Jen Psaki က ပြီးခဲ့တဲ့လမှာ ပြောခဲ့ပါတယ်။
ညီလာခံအတွင်း မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့အတွက် သက်ရောက်မှုတွေ၊ ကိုဗစ် ကပ်ရောဂါကြောင့် ထိခိုက်မှုတွေကို ပြန်လည်ထူထောင်ရေး၊ ရာသီဥတုပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံရေးနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာတွေကို ဆွေးနွေးကြမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အန်တိုနီဘလင်ကန်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ပြောခဲ့ပါတယ်။