အမေရိကန်အရာရှိတွေ စီးပွားရေး ပိတ်ဆို့ထားမှု အခြေအနေ လာရောက်လေ့လာ


2013-09-24
Share

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှုတွေကို စုံစမ်းလေ့လာဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာန ဘဏ္ဍာရေးနဲ့ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Peter Harrell ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မနေ့က မြန်မာနိုင်ငံကို ရောက်နေပြီလို့ သိရပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ ဒီခရီးစဉ်အတွင်း အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှု မူဝါဒနဲ့ မရုပ်သိမ်းသေးပဲ ဆက်လက်ထားရှိတဲ့ အခြေအနေတွေကိုလည်း ပြောဆိုဆွေးနွေးမယ်လို့သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ပြန်ပြီးရုပ်သိမ်းပေးလိုက်တဲ့နောက် ဖြစ်ပေါ်လာတဲ့ စီးပွါးရေး၊ နိုင်ငံရေး တိုးတက်မှု ဆုတ်ယုတ်မှုကိုလည်း ဆွေးနွေးမယ်လို့သိရပါတယ်။

အမေရိကန်က တစိတ်တပိုင်း ရုပ်သိမ်းပေးထားတဲ့ စီးပွါးရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ပြောစရာမရှိပေမယ့် မြန်မာနိုင်ငံက မပြောင်းလဲသေးတဲ့ အခြေအနေတချို့ကြောင့် ကျန်နေသေးတဲ့ ပိတ်ဆို့အရေးယူထားတဲ့ကိစ္စကိုတော့ စဉ်းစဉ်းစားစားဆောင်ရွက်စေလိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောပါတယ်။

လက်ရှိ မီဒီယာတို့ ဘာတို့မှာလည်း နည်းနည်း အကန့်အသတ်လေးတွေ ဘာလေးတွေက ဖြစ်လာတယ်ဗျ၊ နောက်တစ်ခုကလည်းဗျာ လွတ်လပ်စွာ ဆန္ဒပြရမယ်ဆိုတာတွေကလည်း အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့ပြတယ်ဆိုရင်လည်း ခွင့်တောင်းရတာတွေကလည်း ရှုပ်ပွေပြီးတော့ အခုခွင့်မရလို့ပြတဲ့သူတွေလည်း အချုပ်ခံရတာပေါ့ဗျာ၊ နောက်ပြီးတော့ လယ်ယာကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း လွှတ်တော်တွေ ဘာတွေမှာပြောရင်လည်း ထိထိရောက်ရောက်လည်း မရှိဘူးဗျ၊ ဒီတော့ ကျနော့်သဘောကတော့ လွတ်ပြီးသားဟာတွေကတော့ ပြန်ပြီးတော့ ထိန်းကျောင်းစရာမရှိဘူးပေါ့ဗျာ၊ အဲဒါကြောင့်မို့ ကျနော်က မြင်တဲ့အတိုင်းပဲ တိုးတက်တယ်ဆိုတာကို ထင်ထင်ရှားရှားပြသနိုင်ရင်တော့ အားလုံးလွှတ်လိုက်တာကတော့ အကောင်းဆုံးပေါ့၊ သို့သော်လည်းပဲ အခုရှင်းရပြုရတာလေးတွေ မြင်ရတာလေးတွေလည်း စိတ်သောက ရောက်စရာလေးတွေရှိနေတော့ ကျနော်တို့ကတော့ သတိပြုပြီးတော့ ဆက်လုပ်စရာရှိတာ လုပ်ဖို့ကောင်းတယ်လို့ ဒီလိုပဲပြောချင်ပါတယ်ဗျာ”

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ လေးရက်ကြာ စုံစမ်းလေ့လာမှာဖြစ်ပြီး၊ အဲဒီရက်အတွင်း မြန်မာပြည်မှာ စီးပွားရေးလုပ်နေတဲ့ အမေရိကန်ကုမ္ပဏီတွေ၊ အစိုးရအရာရှိတွေ၊ လူမှုအသင်းအဖွဲ့ခေါင်းဆောင်တွေ၊ မြန်မာကုမ္ပဏီတွေနဲ့တွေ့ဆုံမယ်လို့ သိရပါတယ်။ အမေရိကန်ဘဏ္ဍာရေးဌါနဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ် ၄ ခုကို ပိတ်ဆို့မှုစာရင်းထဲကနေ ပယ်ဖျက်ပေးခဲ့ပြီး၊ ဇူလိုင်လမှာတော့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းဝယ်ယူခဲ့မှုနဲ့ အရေးယူပိတ်ဆို့မှုစာရင်းထဲ သွင်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့