မြန်မာနိုင်ငံ ရေဘေးအတွက် အမေရိကန် ကူညီမည်
2024.09.17
ရာဂီမုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံကို အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အကူအညီတွေကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတစ်ဆင့် ပေးအပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုအပါအဝင် တခြားအရေးပါတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အကူအညီ အလိုအပ်ဆုံးသူတွေထံ ပေးပို့ရာမှာ အဆင်ပြေချောမွေ့စေဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လာမဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အကူအညီတွေ ဆက်လက် ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။
ရာဂီမုန်တိုင်းဒဏ်ကြောင့် ဆိုးကျိုးခံစားနေရတဲ့ ဗီယက်နမ်၊ မြန်မာ၊ တရုတ်၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်နိုင်ငံတွေကို လိုအပ်တဲ့ အကူအညီတွေပေးဖို့ အသင့်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်နေ့ကတည်းက ကြေညာချက် ထုတ်ပြန်ထားတာပါ။
ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီသွားမဲ့အကြောင်း အိန္ဒိယနဲ့ တောင်ကိုရီးယား နိုင်ငံတို့ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသီးသီး ကြေညာထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးရေလွှမ်းမိုးမှုမှာ ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက် နေ့က ထုတ်ပြန်ထားပါတယ်။