မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်လာအောင် စစ်ကောင်စီကို ဖိအားပေးဖို့ ကြိုးပမ်းချက်တွေကို ထောက်ခံတဲ့အကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။
“အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ခရီးစဉ် အမြန်ဆုံးစနိုင်ဖို့၊ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ကိုယ်စားပြုတဲ့သူတွေပါဝင်တဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့တွေ အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံး အပြည့်အဝ အကောင်အထည်ဖော်လာအောင် စစ်အာဏာပိုင်တွေကို ဖိအားပေးရေး အာဆီယံရဲ့ ကြိုးပမ်းချက်တွေကို အမေရိကန်က ဆက်ပြီး ထောက်ခံပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က သတင်းစာရှင်းလင်းပွဲမှာ အင်္ဂါနေ့ ပြောလိုက်ပါတယ်။
ကြာသပတေးနဲ့ သောကြာနေ့ ကျင်းပမယ့် အမေရိကန်၊ အာဆီယံ အထူးထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမှုနဲ့ပတ်သက်ပြီး အာဆီယံကို ဖိအားပေးဖို့ နိုင်ငံရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း တိုက်တွန်းနေကြတာပါ။
HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကြီးကလည်း - အမေရိကန်သမ္မတ Joseph Biden ဆီကို အင်္ဂါနေ့က အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပြီး၊ ဒီထိပ်သီးအစည်းအဝေးပွဲမှာ လူ့အခွင့်အရေးကို ဦးစားပေးဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ဒေသတွင်းက အာဏာရှင်တွေကို အားပေးရာ ရောက်လိမ့်မယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက်တွေဟာ ထိရောက်မှု မရှိဘူးဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဖို့အတွက် HRW က တိုက်တွန်းထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Price ကတော့ - အာဆီယံ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက လိုက်နာဖို့ ပျက်ကွက်တာကြောင့် နိုင်ငံရေးတာဝန်ယူထားတဲ့သူ မဟုတ်တဲ့ လူကိုသာ ဒီပွဲအတွက် ဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။
လာမယ့်ထိပ်သီး အစည်းအဝေးကျရင် အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ မြန်မာပြည်အရေး ဆွေးနွေးဖို့ သေချာသလောက်ရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။