ထိုင်းအစိုးရရဲ့ NGO အဖွဲ့အစည်းတွေအတွက် ဥပဒေမူကြမ်းဟာ ထိန်းချုပ်ကန့်သတ်မှုများနေတာကြောင့် အိမ်နီးချင်း မြန်မာပြည်က အကျပ်အတည်းဖြစ်နေတဲ့သူတွေကို ကူညီရေးမှာ ပိုပြီးခက်ခဲသွားစေနိုင်လို့ ပြန်ရုပ်သိမ်းဖို့ အမေရိကန်လွှတ်တော်အမတ်တွေက ထိုင်းအစိုးရနဲ့ အမေရိကန်အစိုးရကို မနေ့က စာပို့ပြီးတိုက်တွန်းလိုက်ပါတယ်။
အမေရိကန် အထက်လွှတ်တော် အရှေ့အာရှနဲ့ပစိတ်ဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Edward J. Markey နဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီအဖွဲ့ဝင် Jeffrey A. Merkley တို့ ဦးဆောင်တဲ့ အဖွဲ့က တိုက်တွန်းလိုက်တာပါ။
မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လူသားချင်းစာနာကူညီရေးတွေ တိုးမြှင့်ဆောင်ရွက်ဖို့၊ စစ်တပ်အာဏာသိမ်းအပြီး အကြမ်းဖက်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေကို အထောက်အကူပေးဖို့လည်း အမေရိကန်နဲ့ ထိုင်းအစိုးရတွေကို တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခတွေကြောင့် လူဦးရေ ၁၄.၄ သန်း အကူအညီလိုအပ်နေပြီး၊ အထူးသဖြင့် အဲဒီလူတွေဟာ ထိုင်း နယ်စပ်အနားက ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေမှာ ရှိနေပါတယ်။
စစ်တပ်ရဲ့အကြမ်းဖက်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရတဲ့ မြန်မာဒေသခံတွေအတွက်၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အကူအညီတွေကို ထိုင်းနိုင်ငံဘက်ကနေ ပို့ဆောင်ပေးနိုင်ဖို့၊ ဒေသတစ်ခုလုံး တည်ငြိမ် ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒီဥပဒေမူကြမ်းသာအတည်ပြုလိုက်ရင် ဒေသတွင်းမှာ ထိန်းချုပ်ကန့်သတ်မှု အများဆုံးဥပဒေဖြစ်သွားနိုင်သလို၊ ထိုင်းနိုင်ငံက NGO တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ်သွားလာ ကူညီလုပ်ကိုင်ဖို့ ခက်ခဲသွားမယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။
ဒါကြောင့် အဲဒီဥပဒေအတည်မပြုအောင် ဖိအားပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။