အမေရိကန်ရဲ့ လူကုန်ကူးမှုအစီရင်ခံစာ မြန်မာကို အဆိုးဝါးဆုံးစာရင်းမှာ ထည့်သွင်း


2016.06.30

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့ကထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အနိမ့်ဆုံးဖြစ်တဲ့ အဆင့် (၃) နေရာကို လျှော့ချလိုက်ပါတယ်။ ပြီးခဲ့တဲ့၂ဝ၁၅ ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆင့်(၂) စောင့်ကြည့်ရမယ့်နိုင်ငံ အဆင့်သတ်မှတ်ခံခဲ့ရတာကနေ ဒီနှစ်မှာ အဆင့် (၃) ကို လျှော့ချလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အခုထက်ပိုပြီးဆောင်ရွက်နိုင်ဖို့၊ အစိုးရကို တွန်းအားပေးတဲ့အနေနဲ့ အဆင့် ၃ ကို လျှော့ချလိုက်တာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာအနေနဲ့ လူကုန်ကူးမှုတွေ ကာကွယ်နိုင်ရေး အရှိန်မြှင့် ဆောင် ရွက်နေချိန်မှာ အခုလို အဆင့်လျှော့ချခံရတဲ့အပေါ် စိတ်မကောင်းကြောင်း၊ အဆင့်လျှော့လိုက်တဲ့အတွက် မြန်မာနဲ့ အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်မှုတွေ အထူးသဖြင့် လူကုန်ကူးမှုအတွက် အဓိက အကြောင်းရင်းဖြစ်တဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးကို မထိခိုက်စေလိုကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လူကုန်ကူးမှု အဆင့် (၃) မှာ အီရန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား စတဲ့ နိုင်ငံတွေပါဝင်ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂ဝ၁၆ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံ ကို အနိမ့်ဆုံးဖြစ်တဲ့ အဆင့် (၃) နေရာကို လျှော့ချလိုက်ပါတယ်။ အဲ့ဒီ အစီရင်ခံစာမှာ နိုင်ငံရေးပယောဂ မကင်းဘူး လို့လည်း ဝေဖန်သံတွေထွက်ပေါ်နေပါတယ်။ ဒီအကြောင်း ဦးသစ်ဆင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။