မီးရှို့သတ်ဖြတ်ခံရသူတစ်ဦးအပါအဝင် ဇူလိုင်လအတွင်း ၇၄ ဦးသေဆုံးခဲ့ကြောင်း AAPP ပြော

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးညှဉ်းပန်းသတ်ဖြတ်မှုတွေပါဝင်။

၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု စတာတွေကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၇၄ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ မီးရှို့သတ်ဖြတ်ခံရသူ တစ်ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဩဂုတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီ ၇၄ ဦးထဲမှာ ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့သူ ၃၂ ဦး ပါဝင်တယ်လို့ AAPP က ဆိုပါတယ်။

စစ်တပ်ခန့်အစိုးရဟာ တစ်ဖက်မှာ အာဆီယံရဲ့ တရားဝင်မှုရရှိဖို့ ကြိုးစားနေသလို တစ်ဖက်မှာလည်း ပြည်သူတွေကို နေ့စဉ်ရက်ဆက် သတ်ဖြတ်နေတယ်လို့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

“တစ်ချိန်တည်းမှာ အဲဒီသတ်ဖြတ်မှုတွေကို အာဆီယံအပါအဝင် နိုင်ငံတကာက သိရှိအောင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေက လုပ်ဆောင်နိုင်ခဲ့ပြီး စစ်အုပ်စုရဲ့ တရားဝင်မှုရရှိရေးကို ယာယီတားဆီးနိုင်ခဲ့တယ်”

သေဆုံးသူတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၁ ဦး၊ လက်နက်ကြီးကြောင့် ၂၃ ဦး၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ၇ ဦး၊ ထောင်တွင်းကျန်းမာရေးပြဿနာကြောင့် နှစ်ဦးနဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ တစ်ဦး ပါဝင်ပါတယ်။ နောက်ထပ် ၁၀ ဦးရဲ့ သေဆုံးရတဲ့အကြောင်းရင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ PDF တပ်ဖွဲ့ဝင် စုစုပေါင်း ၂၀ ဝန်းကျင်ကို ညှဉ်းပန်းနှိပ်စက်ပြီး ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ပါဝင်ပါတယ်။

ဇူလိုင်လအတွင်း မကွေးတိုင်း နတ်မောက်မြို့နယ်၊ ပဲခူးတိုင်း ရေတာရှည်မြို့နယ်နဲ့ ရခိုင်ပြည်နယ် မအီမြို့တို့မှာ စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကလေးတွေ အပါအဝင် အရပ်သား ထိခိုက်သေဆုံးခဲ့တဲ့အခြေအနေတွေ ပါဝင်ပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်း ရေဖြူမြို့မှာ စစ်ဘေးဒုက္ခသည်အရေး ကူညီနေတဲ့ လူငယ် သုံးဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်လည်း ပါဝင်ပါတယ်။

အခုထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ လက်လှမ်းမီသမျှ ကောက်ယူပြီး အမည်နဲ့တကွ အတည်ပြုနိုင်ထားတဲ့ ဖြစ်စဉ်တွေသာဖြစ်တာကြောင့် အမှန်တကယ် ဖြစ်ပွားနေတဲ့ သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

AAPP က ဩဂုတ် ၄ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၈,၂၃၀ ဦး သေဆုံးခဲ့ပါတယ်။