“ဝ” ပြည်သွေးစည်းညွတ်ရေးပါတီ (UWSP)ဟာ စစ်တပ် အသွင်ပြောင်းအစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နေပြည်တော်မှာ ဩဂုတ် ၄ ရက်နေ့က တွေ့ဆုံစဉ်မှာ “ဝ” ပြည်နယ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆွေးနွေးပွဲအကြောင်း သိထားတဲ့ သတင်းရင်းမြစ်က RFA ကို ပြောပါတယ်။
UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ “ဝ” ကိုယ်စားလှယ်အဖွဲ့ဟာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ NSPNC နဲ့ နေပြည်တော်မှာ ဩဂုတ် ၃ ရက်နေ့ကစပြီး နှစ်ရက်ကြာ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
“ “ဝ” ဘက်ကတော့ ထုံးစံအတိုင်း ပြည်နယ်သတ်မှတ်ပေးဖို့ တောင်းဆိုတာရှိတယ်။ ဒီတစ်ခေါက်ဆွေးနွေးပွဲကို လာတဲ့သူတွေက “၀” ဘက်က မျိုးဆက်သစ်ခေါင်းဆောင်တွေပါတယ်”
ဆွေးနွေးပွဲကနေ နိုင်ငံရေးအရ နှစ်ဖက်သဘောတူညီချက် ကြီးကြီးမားမားမထွက်ပေါ်ခဲ့ဘဲ ယုံကြည်မှုတည်ဆောက်ရေး အဆင့်မှာပဲရှိသေးတယ်လို့ “၀” အဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် “၀” အဖွဲ့ဟာ ဩဂုတ်လ ၄ ရက်နေ့မှာပဲ စစ်တပ်အသွင်ပြောင်းအစိုးရ ခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နှစ်ရက်ကြာ ဆွေးနွေးပွဲအခြေအနေအသေးစိတ်ကို သိနိုင်ဖို့ ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ “၀” အဖွဲ့က လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးကျောက်ညီရန်း RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
စစ်တပ်အသွင်ပြောင်းအစိုးရကတော့ “ဝ” အဖွဲ့ရဲ့ နိုင်ငံရေးလိုလားချက်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေအတိုင်းဆောင်ရွက်နိုင်မဲ့ အစီအမံတွေဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
“ဝ” အဖွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်းနဲ့ ပြည်ထောင်စုမပြိုကွဲရေးအခြေခံမူကို စောင့်ထိန်းမဲ့အကြောင်း ပြောဆိုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲကို “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်း၊ ၁၇၁ စစ်ဒေသနိုင်ငံရေးမှူး ဦးထင်ဆမ်ရုန်း၊ တပ်မဟာ ၄၈၅ တပ်မဟာမှူး ဦးပေါက်ကျွင်းလုံ၊ တပ်မဟာ ၄၆၈ နိုင်ငံရေးမှူး ဦးကျောက်ရှောက်ဖူ၊ ဒုတိယစစ်ဦးစီးမှူး ဦးလီကော်ဖျင် နဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးကျောက်ညီရန်း တို့ တက်ရောက်ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာပါတဲ့ UWSP ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ပေါက်အိုက်ခမ်းဟာ လက်ရှိ UWSP ခေါင်းဆောင် ဦးပေါက်ယိုချန်ရဲ့ သားဖြစ်ပြီး “၀”အဖွဲ့ရဲ့ အနာဂတ်ခေါင်းဆောင်အဖြစ် ဒေသတွင်းမှာ ရှုမြင်ခံထားရသူဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုဟာ စစ်တပ်အသွင်ပြောင်းအစိုးရလက်ထက် ဒုတိယမြောက်တွေ့ဆုံမှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ NSPNC ဟာ “ဝ”အဖွဲ့ ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ကို သွားရောက်ပြီး UWSP ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
“ဝ” အဖွဲ့ဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မပါဝင်ခဲ့ပေမဲ့ စစ်ဆင်ရေးကာလအတွင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ဟိုပန်နဲ့ ပန်လုံမြို့တွေကို စစ်တပ်ဆီက သိမ်းယူနိုင်ခဲ့ပါတယ်။
UWSP ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ပါဝင်လက်မှတ် ရေးထိုးထားတာမဟုတ်ပေမဲ့ ၁၉၈၉ ခုနှစ်ကတည်းက စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နဲ့ ပန်ဆန်းမြို့နယ်တွေကို “၀” ကိုယ်ပိုင်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားပါတယ်။ “ဝ” အဖွဲ့ဟာ မက်မန်းမြို့နယ်ကလွဲပြီး ကျန်မြို့နယ်အားလုံးကို ထိန်းချုပ်ထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ဖို့အတွက် သက်ဆိုင်ရာဒေသတွင်းမှာရှိတဲ့ မြို့နယ်တွေက မဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ ထက်ဝက်ကျော် ထောက်ခံဖို့ ကနဦးလိုအပ်ပါတယ်။
အဲဒီထောက်ခံမှုအပြင် ရှမ်းပြည်နယ်လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုကို ရရှိဖို့ လိုအပ်ပါသေးတယ်။ အဲဒီနောက် ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်ကို ထပ်မံ ရယူရမှာဖြစ်ပါတယ်။
