မြန်မာ့အရေးမှာ အာဆီယံ နက်နက်ရှိုင်းရှိုင်း ပါဝင်ဖို့ အမေရိကန်လိုလား

2022.05.11
မြန်မာ့အရေးမှာ အာဆီယံ နက်နက်ရှိုင်းရှိုင်း ပါဝင်ဖို့ အမေရိကန်လိုလား မစ္စတာ Larry Dinger၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ Kurt Campbell တို့ ၂ဝ၁ဝ ခုနှစ် မေလက ရန်ကုန်မှာတွေ့ဆုံခဲ့စဉ်။
Photo - U.S. Embassy Rangoon

မြန်မာ့အရေးမှာ အာဆီယံနိုင်ငံတွေ သံတမန်ရေးအရ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းပါဝင်သွားဖို့ အမေရိကန် အမျိုးသားကောင်စီ အင်ဒိုပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး Kurt Campbell က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ မနက်ဖြန်ကစလို့ နှစ်ရက်ကြာ အမေရိကန်- အာဆီယံ ထိပ်သီးညီလာခံ ကျင်းပဖို့ရှိနေပါတယ်။

ဒီညီလာခံ မတိုင်ခင် USIP (U.S. Institute of Peace) လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးသိပ္ပံက ဒီကနေ့ ဆွေးနွေးပွဲမှာ... NUG အစိုးရနဲ့ အမေရိကန်က တွေ့ဆုံဖို့ရှိသလားဆိုတဲ့ မေးခွန်းကို Kurt Campbell က " မြန်မာပြည်ဒီမိုကရေစီပြန်ရရေး ကြိုးစားနေတဲ့အဖွဲ့တွေ အားလုံးနဲ့ တွေ့သွားဖို့ရှိတယ်" လို့လည်း ဖြေဆိုခဲ့ပါတယ်။

NUG အစိုးရနဲ့တွေ့မယ်လို့တော့ တိတိကျကျမပြောပါဘူး။ မနက်ဖြန်ကျင်းပမယ့် အမေရိကန်- အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်ဖို့ စစ်ကောင်စီဘက်ကို အမေရိကန်က ဖိတ်ကြားတာ မရှိပါဘူး။

NUG ဘက်ကို ဖိတ်၊ မဖိတ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်တွေကတော့ ဝါရှင်တန်ဒီစီမှာ ရောက်နေကြပါတယ်။

Sequence 1079.00_02_39_13.Still002.jpg
အမေရိကန် အမျိုးသားကောင်စီ အင်ဒိုပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး Kurt Campbell

မနေ့က ကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ... မနက်ဖြန် ကျင်းပမယ့် ညီလာခံကို မြန်မာပြည်ကိုယ်စားပြု ဘယ်သူတက်ခွင့်ရမလဲလို့ သတင်းထောက်တစ်ယောက်ရဲ့ အမေးကို ပြောခွင့်ရပုဂ္ဂိုလ် Ned Price က " မကြာခင်သိရပါလိမ့်မယ်" လို့ ဖြေဆိုခဲ့ပါတယ်။

အမေရိကန် - အာဆီယံ ထိပ်သီးညီလာခံကို သမ္မတဂျိုးဘိုင်ဒင်ဦးဆောင်ပြီး ကြာသပတေးနဲ့ သောကြာနေ့ နှစ်ရက်ကျင်းပမှာပါ။ ဒီမတိုင်ခင် အာဆီယံခေါင်းဆောင်တွေ အလွတ်သဘော ဒီကနေ့ တွေ့ဆုံဖို့ရှိပါတယ်။

ဒီညီလာခံမှာ မြန်မာ၊ တရုတ်နဲ့ ယူကရိန်းအရေးတွေ အဓိက ဆွေးနွေးသွားဖို့ လိုတယ်လို့ အမေရိကန် အိမ်ဖြူတော် အမျိုးသားကောင်စီ အင်ဒိုပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး Kurt Campbell က ပြောပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာ့အရေးမှာ သံတမန်နည်းအရ ပိုပြီးလေးလေးနက်နက်ပါဝင်ကြဖို့လည်း Kurt Campbell က တိုက်တွန်းပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။