မြန်မာ့အရေးမှာ အာဆီယံနိုင်ငံတွေ သံတမန်ရေးအရ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းပါဝင်သွားဖို့ အမေရိကန် အမျိုးသားကောင်စီ အင်ဒိုပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး Kurt Campbell က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ မနက်ဖြန်ကစလို့ နှစ်ရက်ကြာ အမေရိကန်- အာဆီယံ ထိပ်သီးညီလာခံ ကျင်းပဖို့ရှိနေပါတယ်။
ဒီညီလာခံ မတိုင်ခင် USIP (U.S. Institute of Peace) လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးသိပ္ပံက ဒီကနေ့ ဆွေးနွေးပွဲမှာ... NUG အစိုးရနဲ့ အမေရိကန်က တွေ့ဆုံဖို့ရှိသလားဆိုတဲ့ မေးခွန်းကို Kurt Campbell က " မြန်မာပြည်ဒီမိုကရေစီပြန်ရရေး ကြိုးစားနေတဲ့အဖွဲ့တွေ အားလုံးနဲ့ တွေ့သွားဖို့ရှိတယ်" လို့လည်း ဖြေဆိုခဲ့ပါတယ်။
NUG အစိုးရနဲ့တွေ့မယ်လို့တော့ တိတိကျကျမပြောပါဘူး။ မနက်ဖြန်ကျင်းပမယ့် အမေရိကန်- အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်ဖို့ စစ်ကောင်စီဘက်ကို အမေရိကန်က ဖိတ်ကြားတာ မရှိပါဘူး။
NUG ဘက်ကို ဖိတ်၊ မဖိတ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်တွေကတော့ ဝါရှင်တန်ဒီစီမှာ ရောက်နေကြပါတယ်။

မနေ့က ကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ... မနက်ဖြန် ကျင်းပမယ့် ညီလာခံကို မြန်မာပြည်ကိုယ်စားပြု ဘယ်သူတက်ခွင့်ရမလဲလို့ သတင်းထောက်တစ်ယောက်ရဲ့ အမေးကို ပြောခွင့်ရပုဂ္ဂိုလ် Ned Price က " မကြာခင်သိရပါလိမ့်မယ်" လို့ ဖြေဆိုခဲ့ပါတယ်။
အမေရိကန် - အာဆီယံ ထိပ်သီးညီလာခံကို သမ္မတဂျိုးဘိုင်ဒင်ဦးဆောင်ပြီး ကြာသပတေးနဲ့ သောကြာနေ့ နှစ်ရက်ကျင်းပမှာပါ။ ဒီမတိုင်ခင် အာဆီယံခေါင်းဆောင်တွေ အလွတ်သဘော ဒီကနေ့ တွေ့ဆုံဖို့ရှိပါတယ်။
ဒီညီလာခံမှာ မြန်မာ၊ တရုတ်နဲ့ ယူကရိန်းအရေးတွေ အဓိက ဆွေးနွေးသွားဖို့ လိုတယ်လို့ အမေရိကန် အိမ်ဖြူတော် အမျိုးသားကောင်စီ အင်ဒိုပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး Kurt Campbell က ပြောပါတယ်။
အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာ့အရေးမှာ သံတမန်နည်းအရ ပိုပြီးလေးလေးနက်နက်ပါဝင်ကြဖို့လည်း Kurt Campbell က တိုက်တွန်းပါတယ်။