သမ္မတလုပ်ပိုင်ခွင့်လျှော့ချထားတဲ့ ဖွဲ့စည်းပုံမူကြမ်း တင်သွင်းမည်

နိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင့်ကို လျှော့ချထားတဲ့ ပုဒ်မလေးခု ပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မကြာခင် အစီရင်ခံစာ တင်သွင်းမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေလကုန်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ အဲဒီ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးမှာ ဒီကနေ့ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့တာလို့ ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောပါတယ်။

ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ အဲဒီဥပဒေကြမ်းမှာ… နိုင်ငံတော်သမ္မတအနေနဲ့ ပုဒ်မ ၂၄၈ (ဂ) အရ ဝန်ကြီးဌာနတွေကို ပြင်ဆင်ဖွဲ့စည်းရင် "တိုင်းနဲ့ဲပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ညှိနှိုင်းတိုင်ပင်ရမယ်" ဆိုတဲ့စာသား ထည့်သွင်းဖို့၊ ပုဒ်မ ၂၆၄ အရ တာဝန်မကျေပွန်တဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေကို ရာထူး ကနုတ်ထွက်ဖို့ ညွှန်ကြားရာမှာ… "ဖွဲ့စည်းပုံကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ ပျက်ကွက်ခြင်း" ဆိုတဲ့စာသားထည့်သွင်းဖို့ ပါဝင်ပါတယ်။

ဒီလိုပုဒ်မတွေပြင်ဆင်ဖို့ တင်သွင်းတာဟာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်တာနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတာနဲ့လည်း ဆက်စပ်တယ်လို့ ဒေါက်တာမောင်သင်းက ပြောဆိုထားပါတယ်။

ဒါ့အပြင် အခြေခံဥပဒေပုဒ်မ ၃၂၂ ပါ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့လုပ်ပိုင်ခွင့်မှာ… လွှတ်တော်နဲ့ ပြည်ထောင်စုအဆင့် အဖွဲ့တွေရဲ့ လုပ်ဆောင်ချက် ဖွဲ့စည်းပုံနဲ့ညီမညီ စိစစ်ဖို့ဆိုတဲ့အချက်ကို ဖြည့်စွက်ဖို့လည်း မူကြမ်းမှာ ပါဝင်ပါတယ်။

အလားတူပဲ အခြေခံဥပဒေပုဒ်မ ၄ဝ၂ မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တယ် ဆိုတဲ့ စကားရပ်အစား ပြည်ထောင်စုလွှတ်တော်ကို အယူခံပိုင်ခွင့်ရှိတယ်လို့ မူကြမ်းမှာ ထပ်တိုးထားတာဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းကို တပ်မတော်သားကိုယ်စားလှယ် ၁ဝ၅ ဦး၊ အရပ်သားကိုယ်စားလှယ်အယောက် ၄ဝ တို့က လက်မှတ်ရေးထိုး တင်ပြထားတာ ဖြစ်ပါတယ်။

(RFA သတင်းထောက် သီဟထွန်းနှင့် ဝင်းကိုကိုလတ် ပေးပို့သည်)