စစ်ကောင်စီ လုံခြုံရေးအစောင့်အရှောက်နဲ့ ငြိမ်းချမ်းရေးထောက်ခံပွဲတွေ ပြုလုပ်

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနဲ့ ပတ်သက် လို့ ထောက်ခံတဲ့ ဆန္ဒပြပွဲကို ဒီနေ့ မေ ၁၉ ရက်မှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ပြုလုပ်ခဲ့ပါ တယ်။

ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ကလည်း နေပြည်တော် တပေါင်းကွင်းမှာ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ဒီနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ထောက်ခံပွဲကို လုံခြုံရေးတင်းတင်းကျပ်ကျပ်ချပြီး ပြုလုပ်ခဲ့တယ် လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဆန္ဒပြသူတွေက ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ကြိုဆိုထောက်ခံကြောင်း၊ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ် ဖြစ်တဲ့အကြောင်းနဲ့ ပြည်ပစွက်ဖက်မှုတွေကို ဆန့်ကျင်တဲ့ အကြောင်းတွေ ကြွေးကြော်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အင်အားကြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ငြင်းပယ်တာနဲ့ အမေရိကန်-အာဆီယံ ထပ်သီးအစည်း အဝေးမှာ စစ်ကောင်စီကို ဖယ်ထုတ်ခဲ့တဲ့ ဖြစ်စဉ်တွေနောက်မှာ အခုလိုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာပါ။

စစ်ကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် မေ ၉ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးဖို့ ကမ်းလှမ်းခဲ့တာပါ။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။ ဒါ့အပြင် ရက္ခိုင့်တပ်တော် (AA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကတော့ အကြောင်းမပြန်ခဲ့ပါဘူး။

ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေး တပ် (PDF) တွေကို ချန်လှပ်ခဲ့တာကြောင့် အခုလို ငြင်းပယ်တာလို့ ဒီအဖွဲ့ အစည်းအချို့က ပြောပါတယ်။

ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို လက်မခံတဲ့ အဖွဲ့အစည်းအများစုဟာ စစ်အာဏာသိမ်း ပြီးနောက် ချင်း၊ ကချင်၊ ကရင်၊ ကယားနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ NUG နဲ့ PDF တွေကို လက်ခံဆွေးနွေးမှာ မဟုတ်ဘဲ နှိမ်နင်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။