အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ကွယ်လွန်သူ နိုင်ငံရေး အကျဉ်းသားဟောင်း စာရေးဆရာ ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ "ဘာလဲဟဲ့ လူ့ငရဲ" စာအုပ်ကို မတ်လ ၁၂ရက်နေ့မှာ တတိယ အကြိမ် ထုတ်ဝေပါလိမ့်မယ်။ အဲဒီ စာအုပ်ထုတ်ဝေမိတ်ဆက်ပွဲကို လမ်းမတော် သံဈေးက Yangon Book Plaza မှာ ကျင်းပတဲ့အခါ PEN Myanmar စာနယ်ဇင်းအဖွဲ့က စီစဉ်တဲ့ ဆရာ ဦးဝင်းတင် အကြောင်း ဟောပြောပွဲလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဟောပြောပွဲကို ဦးဆောင်မယ့် PEN Myanmar အဖွဲ့ ဥက္ကဌ ဦးမျိုးမြင့်ညိမ်း ဟာ ၈၈ အရေးတော်ပုံနောက်ပိုင်း ဦးဝင်းတင်နဲ့ ထောင်ထဲမှာ နှစ်ပေါင်းများစွာ အတူနေခဲ့ပြီး မြေအောက်ပြန်ကြားရေး လှုပ်ရှားမှုတွေကို လက်တွဲဆောင်ရွက်ခဲ့သူပါ။
အဲဒီနောက်မှာ လူငယ်တွေက သူတို့သိတဲ့ ဦးဝင်းတင်အကြောင်း ပြန်လည်ပြောကြားတဲ့ ပြိုင်ပွဲတခုကိုလည်း ဆက်လက်ပြုလုပ်မယ်လို့ စာရေးဆရာ မျိုးမြင့်ညိမ်းကပြောပါတယ်။
ငါတို့စာပေတိုက်က အခုပြန်လည်ထုတ်ဝေမယ့် ဘာလဲဟဲ့ လူ့ငရဲ စာအုပ်ဟာ ဆရာ ဦးဝင်းတင် က သူ့ဘဝအတွေ့အကြုံတွေကို ကောက်နုတ် တင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ဆရာ ဦးဝင်းတင်က ၂ဝဝ၈ ခုနှစ်ကုန်ပိုင်းမှာ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပြီး မကြာခင်မှာပဲ RFA ကို သူငယ်စဉ်ဘဝကနေ ထောင်ကလွတ်မြောက်တဲ့နေ့အထိ အတွေ့အကြုံတွေ ပြောကြားခဲ့ပါတယ်။
အဲဒီ ဆရာ ဦးဝင်းတင် ကိုယ်တိုင် ပြောကြားခဲ့တဲ့ အတ္တုပ္ပတ္တိ အပြည့်အစုံကို "ခေတ်ဝန်ကိုထမ်းရွေ့ ခေတ်လမ်း ကိုလျှောက်ခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ RFA က၂ဝဝ၉ခုနှစ် ဖေဖေါ်ဝါရီလကနေ ၂ဝ၁၂ ဇူလိုင်လ အထိ အပတ်စဉ် အခန်းဆက် လွှင့်ထုတ်ခဲ့ပါတယ်။
