ဟိုပန်မြို့ကို “ဝ” ဒေသ ခရိုင်မြို့အဖြစ် သတ်မှတ်မယ်လို့ UWSA ပြော
2024.06.18
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဟိုပန်မြို့ကို “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) “ဝ” တပ်ဖွဲ့ရဲ့ ခရိုင်မြို့တော်အဖြစ် ဇူလိုင်လ ၁ ရက်နေ့မှာ စတင်သတ်မှတ်မယ်လို့ UWSA ထိပ်တန်းအရာရှိတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဟုတ်ပါတယ်။ ဟိုပန်ကို ခရိုင်အဆင့်မြို့တော်လို့ သတ်မှတ်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ လုပ်ငန်းကိစ္စတွေကတော့ အသေးစိတ် ပြောလို့မရသေးပါဘူး”
လာမဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ ဟိုပန်ဒေသ ၃၁၈ တပ်မဟာ ယာယီအစိုးရကို ဖျက်သိမ်းပြီး ခရိုင်အဆင့် ရာထူးလွှဲအပ်တဲ့ အခမ်းအနားကို ကျင်းပမယ်လို့လည်း "၀ " တပ်ဖွဲ့ရဲ့ ဇွန်လ ၁၀ ရက်နေ့က တရုတ်ဘာသာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထုတ်ပြန်ချက်အရ UWSA ရဲ့ မိုင်းမောဒေသ ဒုခရိုင်မှူး ဦးပေါက်နီလင်းကို ဟိုပန်ခရိုင်မှူးအဖြစ် သတ်မှတ်ခဲ့ပြီး လက်ရှိ ဟိုပန်မြို့နယ် ယာယီအုပ်ချုပ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး လီကျုံးရန်က ဟိုပန်ခရိုင် ဒုအတွင်းရေးမှူး ဖြစ်လာပါတယ်။
စစ်ကောင်စီရဲ့ "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးညီနပ်ကိုတော့ ဒုခရိုင်မှူးအနေနဲ့ ပြန်လည်တာဝန်ပေးထားတာကို တွေ့ရပါတယ်။ ဒီ့အပြင် ဟိုပန်ခရိုင်အတွင်းမှာ ပန်လုံ၊ နားဝီး၊ နမ့်တစ်မြို့တွေကို ထည့်သွင်းထားပါတယ်။
ရှမ်းပြည်အခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ UWSA က ဟိုပန်မြို့ကို သူတို့ထိန်းချုပ်နယ်မြေအဖြစ် အပြည့်အ၀သတ်မှတ်လိုက်တာဟာ ပြည်နယ်ရရှိရေး ကြိုးပမ်းချက်ထဲက တစ်ခုဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီက ကိုင်စွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်း စတဲ့မြို့နယ်ခြောက်ခုကို ခရိုင်နှစ်ခုခွဲပြီး "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအနေနဲ့ သတ်မှတ်ထားတာပါ။ လက်ရှိမှာ အဲဒီမြို့နယ်တွေထဲက မက်မန်းမြို့နယ်တစ်ခုပဲ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ကျန်ရှိနေပြီး ကျန်တဲ့ မြို့တွေတွေကို UWSA က ထိန်းချုပ်ထားပါတယ်။