ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း ဝခေါင်းဆောင်တွေပြော


2019.04.16
uwsa-parade-622 ၂ဝ၁၉ ဧပြီလ ၁၅ ရက်နေ့က ပန်ဆန်းမြို့တွင် ကျင်းပသည့် စစ်ရေးပြလေ့ကျင့်ပွဲ။
(Photo: Kan Thar and Thiha Tun/ RFA)

ဝ,ပြည်နယ်မှာ လူဦးရေ ခြောက်သိန်း နေထိုင်နေပြီး၊ ဝ,ပြည်သူတွေ ဝ,ခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းရေးကိုသာ လိုလားတယ်လို့ UWSA ဒုတိယအကြီးအကဲ ဦးပေါက်ယူရိက ပြောလိုက်ပါတယ်။

UWSA ဝပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃ဝ ပြည့် အခမ်းအနားအကြို ညစာစားပွဲမှာ သတင်းမီဒီယာတွေကို အခုလိုပြောလိုက်တာပါ။

ဒီပွဲဟာ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ကျင်းပတာလို့လည်း ဦးပေါက်ယူရိက ပြောပါတယ်။

ညစာစားပွဲနဲ့ ဖျော်ဖြေရေး အခမ်းအနားကို အစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေ၊  ရှမ်းပြည်နယ် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးလှဦး တို့ တက်ရောက်ခဲ့ကြပါတယ်။

နှစ် ၃ဝ ပြည့်  အခမ်းအနားတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို UWSA က ဖိတ်ကြားထားတယ်လို့ သိရပေမယ့် တက်ရောက်လာတာ မရှိပါဘူး။

ဒီညစာစားပွဲကို UWSA အကြီးအကဲ ပေါက်ယူချန်း အပါအဝင် ရခိုင့်တပ်မတော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာ၊ TNLA တအာန်းပလောင်အဖွဲ့ ဥက္ကဋ္ဌ တာအိုက်ဖုန်း… စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ တက်ရောက်လာတာ တွေ့ရပါတယ်။

မနက်ဖြန်မှာ AA အဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေသလို၊ အစိုးရဘက်ကလည်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။