တော်လှန်ရေးအင်အားစုတွေအတွက် သီးသန့် VPN (Virtual Private Network) ဆော့ဖ်ဝဲ တစ်ခုကို မကြာခင်မှာ အသုံးပြုနိုင်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောလိုက်ပါတယ်။
NUG ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်က စာပို့လို့ရတဲ့ Application တစ်ခု တီထွင်ပြီး စမ်းသပ်နေကြောင်းနဲ့ ဘတ်ဂျက်အနေအထားအရ တော်လှန်ရေးအင်အားစုတွေ သုံးဖို့အတွက်သာ လတ်တလော စီစဉ်ပေးနိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးထင်လင်းအောင်က RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပိတ်ပင်ခံထားတဲ့ သတင်းဝက်ဘ်ဆိုဒ်တွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို ဝင်ရောက်နိုင်အောင် ကြားခံအနေနဲ့ အသုံးပြုရတဲ့ VPN (Virtual Private Network) ဆော့ဖ်ဝဲတွေ မေလကုန်လောက်က စပြီး သုံးလို့မရတော့ပါဘူး။
မြန်မာပြည်မှာ လူမှုကွန်ရက်ဖေ့ဘွတ်စ် သုံးစွဲသူ သန်း ၂၀ ကျော်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေက နေ့စဥ် သတင်းတွေကို ဖေ့ဘွတ်စ်ကနေတဆင့် အချိန်နဲ့တပြေးညီ သိခွင့်ရနေတာလည်း ဖြစ်ပါတယ်။ အခုလို လူသုံးများတဲ့ VPN တွေ ချိတ်ဆက်ရ ခက်ခဲလာတာကြောင့် ပြည်သူတွေ သတင်းအချက်အလက် ရရှိဖို့ နှောင့်နှေးသွားပါတယ်။
အာဏာသိမ်းပြီးကတည်းက ဖေ့ဘွတ်စ်နေရာမှာ အစားထိုးသုံးဖို့ Myspace application ကို စစ်ကောင်စီက စီစဥ်နေတာဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်သူတွေက အဲဒီအပ်ပလီကေးရှင်းကို Play Store နဲ့ App Store တို့ကနေ ဖယ်ရှားဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။ အခုချိန်မှာ ဖေ့ဘွတ်စ်အစားထိုး Myspace ကို အွန်လိုင်းသုံးစွဲသူတွေ ပြောင်းလဲအသုံးပြုလာအောင် စစ်ကောင်စီက ကြိုးပမ်းလာတာဖြစ်တယ်လို့လည်း IT နည်းပညာကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။