စဉ့်ကူးမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦးသေဆုံး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ဇီးကုန်းရွာနဲ့ ဆင်သေရွာထဲကို ဇွန်လ ၁၂ ရက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးကုန်းရွာက အသက်ရှစ်နှစ်အရွယ် ယောကျ်ားလေး တစ်ဦး၊ ဆင်သေရွာက အသက် ၅၀ နဲ့ ၆၀ နီးပါးအရွယ် အမျိုးသား နှစ်ဦးတို့ သေဆုံးခဲ့တာပါ။

နောက်ထပ် ဒေသခံ သုံးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တောင်အင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တောင်အင်း ပျူရွာကနေ လက်နက်ကြီးနဲ့ပစ်တာ။ နေအိမ်တွေပေါ် ကျတာ။ ထိတဲ့သူတွေတော့ သေတာပေါ့။ တချို့လည်း ခြေထောက်ပြတ်သွားတော့ ပြင်းပြင်းထန်ထန် ထိခိုက်တာတွေလည်းရှိတယ်။ တောင်အင်းရွာမှာ စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကြီး၊ ရိက္ခာတွေပို့နေကြတယ်”

ဇွန်လ ၁၃ ရက်မနက်ပိုင်းမှာလည်း ကျွန်းဦးနဲ့ ရွာသာရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တဲ့အပြင် လက်ပံကုန်းရွာကိုလည်း လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပါဘူး။

ဇွန်လ ၁၁ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် ထီးကုန်းရွာက နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၄၀ အရွယ် CDM ကျောင်းဆရာမ ဒေါ်ဇင်မေဝင်း သေဆုံးခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။