ဝက်လက်မှာ စစ်ကြောင်းတွေကြောင့် ဒေသခံ လေးထောင်ကျော်ထွက်ပြေးနေရ
2023.09.22
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ပိုင်းမှာ အင်အားနှစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် စက်တင်ဘာ ၂၂ ရက် ဒီနေ့အထိ ရွာဆယ်ရွာက ဒေသခံ လေးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အဲဒီရွာတွေမှာ နေထိုင်သူတွေက ပြောပါတယ်။
သုံးဆင့်ကန်၊ ရေသောက်ကန်၊ ကူးကောင်း၊ ဝက်လူးအိုင်၊ ညောင်ပင်ကြီးတော၊ ပေါက်ကန်၊ ပေါက်ကန်ဘူတာ၊ သာလိုင်း၊ နတ်ကုန်း နဲ့ ရွာသစ် ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရာတာဖြစ်ပြီး တိမ်းရှောင်ရချိန် သီတင်းနှစ်ပတ်ရှိလာပြီလို့လည်း ဆိုပါတယ်။
ဝက်လက်တောင်ပိုင်းမှာရှိတဲ့ မီးရထားလမ်းပိုင်း ပြင်ဆင်နေတာကို လုံခြုံရေးယူဖို့ ရောက်နေတဲ့ စစ်ကောင်စီတပ်တွေက မီးရထားလမ်း တစ်ဖက်တစ်ချက်မှာရှိတဲ့ ရွာတွေကို လှည့်ပတ်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အင်အားနှစ်ရာလောက်နဲ့ စစ်ကြောင်းကို ဖြန့်ထားတာပေါ့နော်။ သူတို့က သုံးဆင့်ကန် ရောက်လိုက်၊ ဝက်လူးအိုင်ရောက်လိုက်၊ ပေါက်ကန်ဘူတာရောက်လိုက်၊ ရေသောက်ကန် ရောက်လိုက် အဲလိုမျိုးကို ပတ်မွှေနေတာ”
စက်တင်ဘာ ၂၂ ရက် ဒီနေ့မနက်မှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ကူးကောင်းရွာထဲက နေအိမ်တွေကိုမီးရှို့နေပြီး ပျက်စီးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA ကဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ဝက်လက်မြို့နယ်အတွင်းမှာ ရထားလမ်းလုံခြုံရေးကို အကြောင်းပြပြီး စစ်ကောင်စီတပ်က ဩဂုတ်လ နောက်ဆုံးပတ်ကစလို့ စက်တင်ဘာလ ၈ ရက်နေ့အထိ စစ်ကြောင်းခြောက်ခုနဲ့ နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာကြောင့်လည်း ကျေးရွာပေါင်း လေးဆယ်က ဒေသခံ တစ်သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာနေပြီး အာဏာမသိမ်းခင်က ရှိနေတဲ့ အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်အထိ ရှိနေတယ်လို့ UNOCHA က စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။