WFP ရိက္ခာသိုလှောင်ရုံကို ဖောက်ထွင်းဖျက်ဆီးခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီ ငြင်းဆို

RFA Burmese
2024.06.27
WFP ရိက္ခာသိုလှောင်ရုံကို ဖောက်ထွင်းဖျက်ဆီးခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီ ငြင်းဆို ရခိုင်ပြည်နယ် မောင်တောမြို့တွင်ရှိသည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ ရိက္ခာသိုလှောင်ရုံ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ကို ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားစဉ်။
AA info Desk

ရခိုင်ပြည်နယ် မောင်တောမြို့က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ရဲ့ ရိက္ခာသိုလှောင်ရုံကို ဖောက်ထွင်းဖျက်ဆီးခဲ့တာ မရှိဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၂၇ ရက်မှာ ပြောဆိုပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့က WFP ရိက္ခာသိုလှောင်ရုံကို ဇွန်လ ၂၁ ရက်မှာ ဖောက်ထွင်းလုယက်ပြီး အဆောက်အအုံကိုပါ မီးရှို့ဖျက်ဆီးခဲ့တာလို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂၅ ရက်မှာ ရုပ်သံဖိုင် ထုတ်ပြန်ခဲ့ပါတယ်။

WFP ကလည်း သူတို့ရဲ့ ရိက္ခာသိုလှောင်ရုံ ဖောက်ထွင်းဖျက်ဆီးခံရတဲ့ဖြစ်စဉ်ကို အတည်ပြုထားပြီး ကျူးလွန်သူတွေကို ရှုတ်ချတဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၂၇ ရက်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းဌာနတွေကတစ်ဆင့် ထုတ်ပြန်လာတဲ့ စစ်ကောင်စီပြောခွင့်ရသူရဲ့ ပြောဆိုချက်မှာတော့ WFP ရဲ့ ရိက္ခာတွေကို ဒေသခံ ရိုဟင်ဂျာတွေက နေရာရွှေ့ပြောင်းခဲ့တာဖြစ်ပြီး အဲဒီပစ္စည်းတွေကိုပဲ စစ်ကောင်စီတပ်က ဇွန်လ ၂၂ ရက်မှာ မောင်တောမြို့ပေါ်ရပ်ကွက်ခြောက်ခုက အိမ်ထောင်စု နှစ်ထောင်ကျော်ကို ထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ရိက္ခာသိုလှောင်ရုံကိုတော့ AA အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မီးလောင်ပျက်စီးခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ဇွန်လ ၂၄ ရက်နေ့ ဖော်ပြတဲ့သတင်းမှာတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဇွန်လ ၂၂ ရက်နေ့မှာ ဒေသခံတွေအတွက် ဆန်အိတ် နှစ်ထောင်ကျော် လက်ဝယ်အရောက် ထောက်ပံ့ပို့ဆောင်ပေးခဲ့တယ်လို့သာ ဖော်ပြထားပါတယ်။ WFP ရဲ့ ရိက္ခာသိုလှောင်ရုံကရတဲ့ ဆန်အိတ်တွေ ဖြစ်တယ်လို့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါ့အပြင် ထောက်ပံ့ပေးခဲ့တဲ့ ဆန်အိတ်တွေမှာလည်း WFP အမှတ်အသားတံဆိပ်တွေ မတွေ့ရပါဘူး။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ထုတ်ပြန်ချက်အရ မောင်တောက ရိက္ခာသိုလှောင်ရုံမှာ လူဦးရေ ခြောက်သောင်းခွဲနီးပါး( ၆၄,၀၀၀ဦး) အတွက် တစ်လစာဖူလုံစေမဲ့ အရေးပေါ်ကယ်ဆယ်ရေးရိက္ခာတွေ သိုလှောင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။