ဦးဝီရသူ ပိုင်ဆိုင်တာတွေကို ဝရမ်းကပ်ဖို့ တရားရုံးက အမိန့်ချ

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူဟာ တစ်လပြည့်တဲ့အထိ တရားရုံးမှာ တရားလာရောက် ရင်ဆိုင်ခြင်းမရှိတဲ့ အတွက် ဦးဝီရသူ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဝရမ်းကပ်ဖို့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဦးဝီရသူ ပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ဝရမ်းကပ်ဖို့ဆိုပြီး မန္တလေး တိုင်းဒေသကြီး မန္တလေးခရိုင် တရားသူကြီးထံ ဝရမ်းပေးပို့ဖို့ အမိန့်ထုတ်လိုက်တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက သတင်းနဲ့ပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောပါတယ်။

အဲဒီဝရမ်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီကာလအတွင်း ဦးဝီရသူ တရားရုံး ရောက်လာရင် ဖမ်းဆီးပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဦးမင်းသန့် က ပြောပါတယ်။

ဦးဝီရသူဟာ ဧပြီလ ၂၉ ရက်နေ့က မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲနဲ့ မေလ (၅) ရက်နေ့က ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ စကားလုံးတွေသုံးပြီး ဟောပြောခဲ့တာဖြစ်ပါတယ်။

အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ဦးဝီရသူကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အရေးယူပေးဖို့ ခရိုင်တရားရုံးမှာ မေလက ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)