မတ်လ ၈ ရက် ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ရန်ကုန်တိုင်းထဲက တော်လှန်ရေး အင်အားစုဝင် အမျိုးသမီးတွေ စုပေါင်းပြီး စစ်အာဏာရှင်ကို ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ ကမ္ဘာက သိအောင် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ဆန္ဒပြတာလို့ ဆန္ဒပြတဲ့အထဲမှာပါဝင်တဲ့ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"ရန်ကုန်မှာ ဆန္ဒတစ်ခါပြဖို့က မလွယ်ကူတော့ပါဘူး၊ အရိပ်အခြည် အရမ်းကြည့်နေရတယ်၊ စစ်သားတွေနဲ့ ရဲတွေ ယူနီဖောင်းချွတ်ပြီး စောင့်ကြည့်နေကြတာ၊ နိုင်ငံတကာ အမျိုးသမီး များနေ့မှာ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက် မှုတွေကို နိုင်ငံတကာက အာရုံစိုက်အောင် ဒီနေ့လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာဖြစ်ပါတယ်"
စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီဆန့်ကျင်လို့ အဖမ်းခံရကာ စစ်ကြောရေးမှာ လိင်အကြမ်းဖက်ခံရတာ၊ တိုင်းရင်းသားဒေသတွေနဲ့ လက်ရှိ စစ်ကောင်စီကို တော်လှန်နေတဲ့ ဒေသတွေမှာ လူသားချင်းမစာနာဘဲ သတ်ဖြတ်ခံရတာနဲ့ ရိုက်နှက်နှိပ်စက်မှုတွေ ကျုးလွန်ခဲ့တာတွေကိုလည်း ကမ္ဘာက သိစေချင်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲကို လသာမြို့နယ်နဲ့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်တို့မှာ အမျိုးသမီးထုက ဦးဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
အမျိုးသမီးတွေဟာ စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်ကြောင်း စာတန်းတွေကို ကိုင်ဆောင်ရင်း ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့သလို အမျိုးသားတွေလည်း ပါဝင်အားဖြည့် ဆန္ဒပြခဲ့ကြတယ်လို့ သူက ပြောပါတယ်။
ဒီမနက်ပြုလုပ်သွားတဲ့ ဆန္ဒပြပွဲမှာ လူငယ် အမျိုးသား၊ အမျိုးသမီး ၃၀ နီးပါးဟာ ကြွေးကြော် သံတွေ ဆိုပြီး ၁၀ မိနစ်ကျော်တဲ့အထိ ဆန္ဒပြရင်း လူစုခွဲလိုက်ကြတယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေ ပိုပြီးမြင့်လာစေဖို့၊ အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကို ပူးပေါင်းဖြေရှင်းဖို့ စတဲ့အချက်တွေနဲ့ နှစ်စဉ် နိုင်ငံတကာ အမျိုးသမီး နေ့ကို ကျင်းပလာခဲ့တာ အခုဆိုရင် ၁၁၂ နှစ် ပြည့်မြောက်လာခဲ့ပါပြီ။