အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ ချီတက်တောင်းဆိုပွဲ အလုပ်သမ တစ်ထောင်ခန့် ပါဝင်


2017.03.12
lady-workers-protest-620.jpg စက်ရုံအလုပ်သမ တစ်ထောင်ခန့် မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Khine Zar

စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခွင့်ရက် ၁၂၀ ခံစားခွင့်ရရှိဖို့နဲ့ လုပ်ငန်းခွင်မှာ တန်းတူအခွင့်အရေးရရှိဖို့ စက်ရုံအလုပ်သမ တစ်ထောင်ခန့်က ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

လက်ရှိဥပဒေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားတွေ ခွင့်ရက် ၉၀ ကျော်သာ ရရှိတာကြောင့် မိခင်တွေ နို့ချိုတိုက်ကျွေးတဲ့ကာလ ပိုမိုရရှိဖို့ ရည်ရွယ်ပြီး တောင်းဆိုတာလို့ ဆန္ဒပြပွဲစီစဉ်သူ မခိုင်ဇာအောင် က ပြောပါတယ်။

" အမျိုးသမီးကိုယ်ဝန်ဆောင် အလုပ်သမားတွေအတွက်ကို အခုရှိနေတာကတော့ ဥပဒေအရဆိုလို့ရှိရင် ခွင့်ရက် က ရှေ့ကို ၆ ပတ် အနောက်ကို ၈ ပတ်ရှိတယ်၊ ရက်ပေါင်း ၉၀ ကျော်ရှိတယ်၊ ရက် ၁၂၀ ကျော်အထိပေါ့ အမျိုးသမီးကိုယ်ဝန်ဆောင်တဲ့သူတွေကို ခွင့်ပေးဖို့ပေါ့၊ ဒီ်အလုပ်သမား အမျိုးသမီးတွေ ဘေးအန္တရာယ် ကင်းကင်းနဲ့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်မှုနဲ့ မွေးဖွားမှုတွေရှိအောင် လုပ်ငန်းခွင် အခြေအနေတွေဖြစ်ဖို့လိုတယ်၊ မိခင်ပေါ့နော်၊ နို့ချို့တိုက်ကျွေးနိုင်ဖို့ ကာလပိုမိုရရှိဖို့ ရည်ရွယ်ချက်နဲ့ ကျမတို့က ၁၂၀ ရက် ကိုတောင်းတယ်ပေါ့နော်။ "

ဒါ့အပြင် အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ တန်းတူအခွင့်အရေးရရှိဖို့၊ အမျိုးသမီးတွေကို အကြမ်းဖက်မှုမရှိစေဖို့/ အကြမ်းဖက်ခံရတာတွေကနေ ကာကွယ်ပေးဖို့ စတာတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတွေဟာ လှိုင်သာယာမြို့နယ် နဝဒေးမှတ်တိုင်ကနေ (၁၀၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပတဲ့ ကနောင်ခန်းမအထိ လမ်းလျှောက် ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

တောင်းဆိုချက်တွေကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ လွှတ်တော်တွေထံ တင်ပြသွားမှာ ဖြစ်တယ်လို့လည်း မခိုင်ဇာအောင် က ပြောပါတယ်။

(၁၀၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတာဖြစ်ပြီး ဗဟိုအမျိုးသမီးဆေးရုံက တာဝန်ရှိသူတွေကို ဖိတ်ကြားကာ စက်မှုဇုန်တွေမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေအတွက် သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာမျှဝေပေးခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ လှိုင်သာယာ၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ ကျောက်ဆည်၊ ပြည်ကြီးတံခွန် စတဲ့မြို့နယ်တွေက အလုပ်သမတွေ ပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။