ဝူဟန်မှာ ပိတ်မိနေသူတွေ မြန်မာပြည် ပြန်ပို့ဖို့ တောင်းဆို

စောဖိုးခွား
2020.01.24
china-wuhun-622.jpg တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ချိတ်ပိတ်ထားသော ပင်လယ်စာရောင်းချသည့် ဆိုင်တဆိုင်ကို တွေ့ရစဉ်။
Photo: AFP

ကိုရိုနာ ဗိုင်းရပ်စ် အဆုပ်ရောင်ရောဂါပိုးစဖြစ်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေက သူတို့ကို မြန်မာပြည်ဘက်ခေါ်ဖို့ တရုတ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို တောင်းဆိုထားပါတယ်။

ရောဂါပိုး စတင်ဖြစ်ပွားတဲ့ ဝူဟန်မြို့ကို တရုတ်အစိုးရအာဏာပိုင်တွေက ချိတ်ပိတ်ထားတာကြောင့် မြန်မာနိုင်ငံသားအယောက် ၆ဝ ကျော် ပိတ်မိနေတာပါ။

ရောဂါပိုးမကူးစက်သေးတာကြောင့် သူတို့တွေကို သေချာစိစစ်ပြီး မြန်မာနိုင်ငံကို ပြန်ခေါ်ဖို့ ဒါမှမဟုတ်ရင် စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ဆေးဝါးတွေ ထောက်ပံ့ပေးဖို့ ပေကျင်းမြို့က မြန်မာသံရုံးကို တောင်းဆိုထားတာလို့ အဲ့ဒီမှာကျောင်းတက်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျောင်းသား ကိုစည်သူက RFA ကိုပြောပါတယ်။

တရုတ်အစိုးရရဲ့ ပညာတော်သင်ဆုနဲ့ ကျောင်းသွားတက်နေတဲ့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေ အခုလိုပိတ်မိနေတာဖြစ်ပါတယ်။

တရုတ်အစိုးရဘက်က နောက်တပတ်ကျော်လောက် မြို့ကို ထပ်ပိတ်ထားမယ်ဆိုရင် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာနိုင်တယ်လို့ ကိုစည်သူကဆက်ပြောပါတယ်။

ပေကျင်းမှာရှိတဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အကူအညီတွေလိုရင် ဆက်သွယ်ကြဖို့ ဖုန်းနံပါတ်တွေ ထုတ်ပြန်ထားပါတယ်။

Corona-virus ပိုးကြောင့် ကမ္ဘာပေါ်ကနိုင်ငံတော်တော်များများမှာ စိုးရိမ်ထိတ်လန့်နေကြတာပါ။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေမှာလည်း ရောဂါပိုးတွေ့ရှိတာတွေရှိနေပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ရောဂါကူးစက်ခံရတာမရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ရောဂါစဖြစ်ပွားတဲ့ ဝူဟန်မြို့ကနေ မြန်မာနိုင်ငံတွင်းက ရန်ကုန်နဲ့ မန္တလေးမြို့တွေကို တရုတ်လေကြောင်းလိုင်းပြေးစွဲနေတာတွေရှိပေမယ့် ဒီရက်ပိုင်းမှာ လေကြောင်းခရီးစဉ်တွေ ရပ်နားထားတယ်လို့ကြေညာထားပါတယ်။

ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်ပြည်မမှာ ကူးစက်ခံရသူ အယောက် ၈ဝဝ ကျော်၊ သေဆုံးသူ ၂၆ ဦးအထိ ရှိနေပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။