စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝန်းသိုမှာ ကလေး ၁၈ ဦး ဒဏ်ရာရ

RFA Burmese
2023.09.28
စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝန်းသိုမှာ ကလေး ၁၈ ဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့ ဂျိုးတောင်ရွာမှာ စက်တင်ဘာလ ၂၇ ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စာသင်နေတဲ့ ကလေး ၁၈ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝန်းသိုမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး သုံးလုံးဟာ ဂျိုးတောင်ရွာက ခန္တီဝံသာရာမကျောင်းတိုက်ပေါ် ကျရောက်ပေါက်ကွဲပြီး အဲဒီအချိန် ကျောင်းတိုက်မှာ စာသင်နေတဲ့ ကလေး ၁၈ ဦး ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘုန်းကြီးကျောင်း ထမင်းကျွေးဓမ္မာရုံရဲ့ အပေါ်မှာ ကွဲသွားတာဆိုတဲ့အခါကျတော့ အောက်ကို ကွဲပြီး ပြန်ကျလာတဲ့ လက်နက်အစတွေ ထိသလို ဖြစ်သွားတယ်။ ကလေးတွေတော့ ဒဏ်ရာဟိုနား ဒီနားရတာတော့ များတယ်။ ဒါပေမဲ့ ယနေ့အချိန်ထိတော့ တအားကြီး စိုးရိမ်စရာတော့ မရှိသေးပါဘူး”

စက်တင်ဘာလ ၂၆ ရက်နေ့က ဝန်းသိုမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) က သွားရောက်ပစ်ခတ်ခဲ့ပြီး နောက်တစ်နေ့မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးတွေ ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFAက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၈ ရက် ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေး ၁၈ ဦးဒဏ်ရာရှိခဲ့ပြီး ခြောက်ဦးက စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အရပ်ဘက် စစ်ဘက် မခွဲခြားဘဲ ကျိုးကြောင်းမဲ့ ပစ်ခတ်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ ထင်ရှားတယ်လို့လည်း NUG ‌‌ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော ကပြောပါတယ်။

"စစ်တပ်ကလုပ်နေတဲ့ အကြမ်းဖက်မှု၊ အထူးသဖြင့် ကလေးသူငယ်၊ ကျောင်းသားတွေကို အရပ်ဘက်၊ စစ်ဘက် ခွဲခြားမှုမရှိဘဲ ခုလိုတိုက်ခိုက်တာပေါ့၊ ဒါက စစ်ရာဇဝတ်မှုကျူးလွန်နေတာရဲ့ နောက်ထပ် သက်သေတစ်ခု ဖြစ်တာပေါ့၊ အထူးသဖြင့် ဘာသာရေးအဆောက်အဦလည်းဖြစ်တယ်၊ နောက်ပြီးတော့ စာသင်ကျောင်းလည်းဖြစ်တယ်၊ ကလေးငယ်တွေစာသင်နေတဲ့ဟာကို ဒီလိုလုပ်တဲ့ဟာက ကြီးမားတဲ့ ရာဇဝတ်မှုတစ်ခုဖြစ်တယ်၊ အဲအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်၊ ကျူးလွန်တဲ့လူတွေ၊ အမိန့်ပေးတဲ့လူတွေကို ကျွန်တော်တို့ တိတိကျကျ သတင်းရယူပြီး အထောက်အထားတွေနဲ့တကွ တရားစွဲဆိုနိုင်ဖို့၊ တရားဥပဒေအရ အရေးယူနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်"

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ဝန်းသိုမြို့နယ် တောင်ဘို့လှရွာမှာ မပေါက်ကွဲဘဲ ကျန်နေတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကို ကလေးတစ်စုက ဆော့ကစားမိရာကနေ ပေါက်ကွဲပြီး ကလေးတစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လကုန်အထိ ရှစ်လအတွင်း တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၆၂ ဦး သေဆုံးပြီး၊ ၈၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။