ရန်ကုန်မြို့မှာ စက်သုံးဆီကို အကန့်အသတ်နဲ့ ဝယ်ယူနေရ

ရန်ကုန်မြို့တွင်းက စက်သုံးဆီအရောင်းဆိုင်တချို့မှာ စက်သုံးဆီ အခက်အခဲကြောင့် အကန့်အသတ်နဲ့သာ ဝယ်ယူနေရတယ်လို့ အငှားယာဉ်မောင်းတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ဆီပန့် လိုင်စင်မရှိတဲ့ လက်လီဆိုင်တွေဆိုရင် စက်သုံးဆီ ခွဲတမ်းမရတဲ့အတွက် ဆိုင်ပိတ် ထားရသလို လိုင်စင်ရှိတဲ့ စက်သုံးဆီဆိုင်ကြီးတွေမှာလည်း အကန့်အသတ်နဲ့သာ ဝယ်ယူနေရတာလို့ အငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ကိုမျိုးသန့်က ပြောပါတယ်။

"ကျနော် ဒီမနက် အင်းစိန်ထဲမှာ ဖြည့်ခဲ့တဲ့ဆိုင်ဆိုရင် သုံးသောင်းဖိုးပဲရောင်းတယ်။ ဆိုင်တွေ တော်တော် များများကတော့ 92/95 ဆို မရတော့ဘူး။ ကျနော်တို့ဆို ဒီဆိုင်မှာ သုံးသောင်းဖိုး ဖြည့်လိုက် နောက်တစ်ဆိုင်မှာ သုံးသောင်းဖိုးဖြည့်လိုက်နဲ့ အဲလိုပဲ လည်ပတ်နေရတယ်"

ရန်ကုန်က စက်သုံးဆီအရောင်းဆိုင် အများစုမှာ ဓာတ်ဆီဝယ်မရတော့သလို ရောင်းချတဲ့ ဆိုင်တချို့မှာလည်း အများဆုံး သုံးသောင်းကျပ်ဖိုးလောက်သာ ဝယ်ယူလို့ရတော့တယ်လို့ သူက ဆိုပါတယ်။

ဆီလက်ကျန်နည်းနေတဲ့အတွက် ပြည်တွင်းစက်သုံးဆီအရောင်း ခဏရပ်ထားမယ်လို့ စက်သုံးဆီလုပ်ငန်းရှင်များ အသင်းက ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပေမယ့် အဲဒီနေ့မှာပဲ စစ်ကောင်စီက ပြည်တွင်းမှာ စက်သုံးဆီမပြတ်ရအောင် အလုံအလောက် လုပ်ပေးနေတယ်လို့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်၊ မန္တလေး၊ ကချင် အပါအဝင် တခြားပြည်နယ်နဲ့ တိုင်းတွေက Denko၊ ရွှေဗျိုင်းဖြူ၊ Max၊ BOC စတဲ့ ဆိုင်ကြီးတွေမှာ စက်သုံးဆီကို အကန့်အသတ်နဲ့ ရောင်းချနေရပြီး လိုင်စင်မရှိတဲ့ လက်လီဆိုင်တွေမှာတော့ စက်သုံးဆီ အရောင်းပိတ်ထား ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။