ရွှေ ရည်ညွှန်းစျေး တစ်ကျပ်သားကို ၄၉ သိန်းနီးပါးရှိလာ
2024.06.04
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၄၈ သိန်းကျော် (၄,၈၇၁,၀၀၀) နဲ့ အရောင်းအဝယ်လုပ်ဖို့ ဇွန်လ ၄ ရက် ဒီနေ့ သတ်မှတ်လိုက်ပါတယ်။
ဇွန်လ ၃ ရက် မနေ့က ညနေပိုင်းအထိ ၄၁ သိန်းဝန်းကျင် (၄,၁၃၆,၇၀၀) သာရှိတာကြောင့် တစ်ရက်တည်းမှာပဲ ကျပ်ခုနစ်သိန်းကျော်အထိ ဈေးတိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီနေ့ထုတ်ပြန်တဲ့ဈေးနှုန်းဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ နည်းလမ်းတွေအတိုင်း နိုင်ငံတော်ကို ပေးသွင်းရမဲ့ အခွန်ကိုပါ ထည့်သွင်းတွက်ချက်တာလို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကြည်စိန်က ပြောပါတယ်။
“နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့အတိုင်း နိုင်ငံတော်ကို ပေးသွင်းရမဲ့အခွန်ကို ကျွန်တော်တို့နိုင်ငံမှာ ထည့်ပေါင်းပြီးကျင့်သုံးတာ မရှိသေးဘူး။ မရှိသေးတဲ့အတွက်ကြောင့် သက်ဆိုင်ရာလူကြီးတွေနဲ့ တိုင်ပင်ပြီးတော့မှ ဒါကိုဖြစ်သင့်တဲ့ စျေးတစ်ခုအနေနဲ့ ဒီဟာအပေါ်မှာ ကိန်းရှင်ကတော့ သုံးခု ဖြစ်သွားတယ်။ AD လိုင်စင်ကိန်းရှင်ရယ်၊ ကမ္ဘာ့ရွှေစျေးကိန်းရှင်ရယ်၊ အခွန်ကိန်းရှင်ရယ်ဆိုပြီး ကိန်းရှင်သုံးခု ဖြစ်သွားတယ်။ အဲဒီကိန်းရှင်သုံးခုနဲ့ တွက်ချက်ပြီး သတ်မှတ်တာပါ“
ဒီတွက်နည်းအသစ်ကို ဇွန် ၃ ရက်နေ့ညက မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းအပါအဝင် ရန်ကုန်၊ မန္တလေးက ရွှေလုပ်ငန်းရှင်အသင်းတွေ အစည်းအဝေးလုပ် အတည်ပြုပြီး တွက်ချက်နည်းပြောင်းလိုက်တာလို့ သူက ဆိုပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရည်ညွှန်းဈေးသတ်မှတ်ပေးထားပေမဲ့ ပြင်ပရွှေစျေးကွက် မဖွင့်တဲ့အတွက် ရွှေအရောင်းအဝယ်မရှိဘူးလို့ ရန်ကုန်မြို့က ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ရွှေဆိုင်လည်း မဖွင့်ဘူး။ ရန်ကုန် မဂိုလမ်းက ရွှေစျေးကွက် မဖွင့်တဲ့အတွက် စျေးနှုန်းမသိဘူး။ ရွှေလုပ်ငန်းရှင်တွေကို စပြီး ဖမ်းဆီးစစ်ဆေးကတည်းက စျေးမဖွင့်တာ။ ပေါက်စျေး မရှိတော့ဘူး။ အခုအချိန်မှာ ကြိုက်ရောင်းကြိုက်ဝယ် အဲလိုဖြစ်နေတယ်။ ဝယ်တဲ့သူလည်း မရှိဘူး။ ရောင်းတဲ့သူလည်း မရှိဘူး“
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကတော့ သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးနဲ့ ရွှေဆိုင်တွေ၊ ရွှေလုပ်ငန်းရှင်တွေအားလုံး အရောင်းအဝယ်လုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ် အာဏာမသိမ်းခင်က တစ်ကျပ်သားကို ၁၃ သိန်းခန့်သာရှိခဲ့တဲ့ အခေါက်ရွှေဈေးဟာ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ၅၈ သိန်းအထိ လေးဆနီးပါး မြင့်တက်ခဲ့သလို ဒေါ်လာစျေးကလည်း အာဏာမသိမ်းခင် ၁၃ဝဝ ခန့်ကနေ ၄၈ဝဝ ကျပ်အထိ သုံးဆကျော်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။