ရေဦးမြို့နယ် ပေကြီးရွာမှာ နေအိမ် ၁၂၀ ခန့် မီးရှို့ခံရ

2022.05.13
Share on WhatsApp
Share on WhatsApp
ရေဦးမြို့နယ် ပေကြီးရွာမှာ နေအိမ် ၁၂၀ ခန့် မီးရှို့ခံရ မီးလောင်နေသည့် ရေဦးမြို့နယ် ပေကြီးရွာကို ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်းမှာ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေက မေလ ၁၃ ရက် ဒီနေ့မှာ ပေကြီးရွာကို ဝင်ရောက် လာခဲ့ပြီးနောက် နေအိမ် ၁၂၀ ခန့် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဘာကြောင့် မီးရှို့တယ်ဆိုတာကိုတော့ မသိရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မူးဘောင်ကိုကျော်လာပြီး ရွာကို မီးရှို့သွားတာ။ တစ်ရွာလုံးကတော့ ထွက်ပြေး ကြရတာပေါ့။ အခု စစ်သားတွေ မရှိတော့လို့ ရွာကိုပြန်ပြီး မီးငြှိမ်းနေတယ်။ ရွာတစ်ဝက်လောက် ပါသွားတာပေါ့"

ဒေသခံနှစ်ဦးလည်း စစ်ကောင်စီ တပ်စစ်ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

ပေကြီးရွာဟာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီး လူဦးရေ တစ်ထောင်ကျော် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလောမှာတော့ ဒေသခံတွေဟာ နီးစပ်ရာ ရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ ထွက်ပြေးရှောင်တိမ်း နေကြရတယ်လို့လည်း ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲ ဝင်ရောက်မှုကို ရှောင်ရှားလေ့ရှိပြီး အရပ်သားတွေရဲ့ အိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာ ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့ရဲ့ မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့မှုတွေကြောင့် နေအိမ်ပေါင်း ၁၁,၄၁၇ လုံး ဆုံးရှုံးခဲ့ပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်း အတွင်းမှာ နေအိမ် ၇၅၀၃ လုံးနဲ့ အများဆုံး မီးရှို့ခံခဲ့ရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

ရေဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကို စစ်ဆင်ရေးဆောင်ရွက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့