ကလေးမြို့ ရေရှင်ကျေးရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

2022.05.13
Share on WhatsApp
Share on WhatsApp
ကလေးမြို့ ရေရှင်ကျေးရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ ကလေးမြို့နယ် အ‌ရှေ့စည်းရွာ မီး‌လောင်ပျက်စီးမှုများကို ၂၀၂၂ ခုနှစ် မေလ ၃ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကောင်စီတပ်က မေလ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ လေးရက်အတွင်း နေအိမ် အလုံး ၄၀၀ ကျော်ရှိတဲ့ ကလေးမြို့နယ် ရေရှင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကလေး PDF တို့ ရေရှင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ စစ်တပ်က ရွာကို မီးရှို့သွားတာလို့ စစ်ဘေးဒုက္ခသည် ရေရှင်ရွာသားတစ်ဦးက ပြောပါတယ်။

"ရွာနားမှာ တိုက်ပွဲဖြစ်လို့ ကျနော်တို့လည်း သေနတ်သံတွေ ကြားရလို့ ကြောက်နေတာ ကြောင့် တစ်ရွာလုံး တောတောင်ထဲမှာ စစ်ရှောင်နေရတယ်။ ရွာမှာ ဘယ်သူမှ မရှိတော့ လို့ စစ်တပ်တွေက နေအိမ်တွေကို မီးရှို့တယ်။ ကျနော်တို့က စစ်ရှောင်နေရာကနေ ရွာကိုခဏခဏ လှမ်းကြည့်နေတယ်။ ရွာမှာ မီးခိုးတွေထွက်လာလို့ အဝေးက ကြည့်လိုက် တော့ စစ်တပ်တွေက ရှို့သွားတာဗျ’’

တစ်ရွာလုံးနီးပါး မီးရှို့ခံရတယ်လို့သာ ဒေသခံတွေက ခန့်မှန်းပြောဆိုပြီး အိမ်ခြေ ၄၀၀ ကျော်အနက် နေအိမ်ဘယ်လောက် မီးလောင်ဆုံးရှုံးခဲ့သလဲဆိုတာကို အတိအကျ မသိရ သေးပါဘူး။

ရေရှင်ကျေးရွာဟာ ကလေးမြို့တောင်ပိုင်းမှာ တည်ရှိပြီး စစ်ကောင်စီတပ်တွေက PDF တွေ ခိုလှုံနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွာကို ထိုးစစ်ဆင်ရုံမက မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့တာဟာ သူတို့လက်ချက်မဟုတ်ဘဲ PDF တွေရဲ့ လက်ချက်လို့ မကြာခဏ ငြင်းဆိုထားပါတယ်။

ကလေးမြို့နယ် ဒေသခံတွေနဲ့ PDF တပ်ဖွဲ့တွေကတော့ ဧပြီလကုန်ပိုင်းကနေ အခု မေလဆန်းအထိ ၁၀ ရက် ကျော်အတွင်း ကလေးမြို့နယ်ထဲက ရေရှင်၊ အရှေ့စည်း၊ ရှားဖို၊ ဒိုးနွယ် စတဲ့ ရွာလေးရွာက နေအိမ် ၇၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

မေလ ၁ ရက်နေ့ကစလို့ ကလေးမြို့တောင်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ရွာပေါင်း ၁၀ ရွာ လောက်က ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တောထဲမှာ ဖြစ်သလို ပုန်းရှောင်နေရတာကြောင့် အခုလို မိုးဦးကျကာလမှာ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေး ဒုက္ခသည်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့