မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းက ရဲရွာရေအားလျှပ်စစ်စီမံကိန်းအတွက် အသုံးပြုနေတဲ့ ရေလှောင် တမံမှာ စတင်ရေလျှံနေပြီဖြစ်တာကြောင့် ဒုဋ္ဌဝတီမြစ်ဘေးတစ်လျှောက် နေထိုင်ကြသူတွေ သတိပြုနေထိုင်ကြဖို့ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ကျေးရွာတွေထက် မြစ်ဘေးမှာ အစိုးရခွင့်ပြုချက်မရှိဘဲ ဖွင့်ထားတဲ့ အပန်းဖြေဥယျာဉ်တွေက ပိုပြီးအန္တရာယ် ရှိတာကြောင့် စာပေးပို့သတိပေးထားတယ်လို့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်း က ပြောပါတယ်။
"ဆည်ပေါ်မှာတော့ ဘာမှမဖြစ်ပါဘူး၊ ဆည်က ၁၈၅ မီတာ ကျော်ပြီဆိုရင်တော့ သူက ရေလွှဲပေါက်ကြီး ၄ ပေါက် ရှိတယ်၊ ရေလွှဲပေါက်ကြီးကနေ ရေတွေထုတ်မှာပေါ့နော်၊ ထုတ်တဲ့အခါမှာ ခွင့်ပြုချက်အစိုးရကမပေးဘဲနဲ့ ရေကစားဥယျာဉ်တွေ ဖွင့်ထားတာတွေကြားမှာပါ၊ ၅ မိုင်တို့၊ ၇ မိုင်တို့၊ ၆ မိုင်တို့၊ ၃ မိုင်တို့ အများကြီးပဲ၊ အန္တရာယ်ရှိစွာနဲ့ လုပ်ငန်းတွေကလည်း ပြောလို့မရဘူး၊ ဖွင့်ထားပြီးတော့ သူတို့တွေက အဓိကကျပါတယ်၊ ရွာတွေကတော့ အဲ့နားလေးတွေ တိုးချဲ့လာတဲ့ဟာလေးတွေ ရှောင်ထားဖို့ ပြောတဲ့သဘောပါပဲ"
အဲဒီရေလှောင်တမံမှာရှိတဲ့ ရေလွှဲပေါက်တစ်ပေါက်ရဲ့ အကျယ်ဟာ ကုန်တင်ကားတစ်စီး ဖြတ်မောင်းလို့ရတဲ့ အတွက် ရေလွှတ်ချပြီဆိုရင် ဒုဋ္ဌဝတီမြစ်တလျှောက်က အပန်းဖြေစခန်းတွေဟာ ရေစီးနဲ့ မျောပါနိုင်တာကြောင့် အန္တရာယ် ရှိနေတာ ဖြစ်ပါတယ်။
မြစ်ကြောင်းနဲ့ ဝေးတဲ့ကျေးရွာတွေကလည်း အပန်းဖြေဥယျာဉ်တွေနားမှာ ဈေးသွားရောင်းတာ၊ မြစ်ကမ်းဘေးမှာ ကျွဲ၊ နွားတိရစ္ဆာန်တွေ ကျောင်းတာမျိုးတွေ မလုပ်မိကြဖို့လည်း သတိပေးထားတယ်လို့ ပြောပါတယ်။
အဲဒီအပန်းဖြေဥယျာဉ်တွေဟာ အရင်အစိုးရလက်ထက်ကတည်းက ဖွင့်လှစ်ထားတာဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်မှာ သတိပေးစာတွေ အကြိမ်ကြိမ်ပေးပို့ခဲ့ပေမယ့် ဆက်လက်ဖွင့်လှစ်နေဆဲဖြစ်တယ်လို့ ဦးအောင်မင်း က ပြောပါတယ်။
ရဲရွာရေလှောင်တမံရဲ့ အမြင့်ဆုံးရေလှောင်မှတ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၅ မီတာ (၆၀၇ ပေ) ဖြစ်ပြီး ရေပြည့်အမှတ်ကို ကျော်လွန်နေတာကြောင့် သြဂုတ်လ ၂၈ ရက် မနက် ၃ နာရီမှာ ရေလှောင်တမံကနေ ရေတွေ စလျှံနေတာဖြစ်တယ်လို့ ရဲရွာရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။