စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့ဝင် အင်အား ၁ဝဝ ကျော်ဟာ မတ်လ ၇ ရက်က စပြီး ယင်းမာပင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတာပါ။ အဲဒီ တိုက်ပွဲတွေအတွင်း ရွာသားတွေ အသတ်ခံရတာ၊ အဖမ်းခံရတာ၊ နေအိမ်တွေ မီးရှို့ခံရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲတွေ ရက်ရှည်လာနေပေမယ့် စစ်ရေးအခြေနေကတော့ တင်းမာနေဆဲပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယင်းမာပင်မြို့ခံတစ်ယောက်က RFA ကို ပြောပါတယ်။
“ ၇ ရက်နေ့က စပြီးတော့ တိုက်ပွဲတွေက ဆက်တိုက်ပဲ၊ အခြေအနေက ပိုပြီးတော့ တင်းမာနေတာ၊ နှစ်ဖက် အပြန်အလှန်ကျတော့ လက်နက်ချင်းမမျှလို့တော့ အပြန်အလှန်တိုက်ပွဲမဖြစ်ဘူး၊ အဝေးကနေ လှမ်း လှမ်းထုတယ်။ PDF ဘက်က သိပ်တော့ထိရောက်တဲ့ အနေအထားမရှိဘူး၊ မိုင်းဆွဲတာလောက်ပဲ ထိရောက်တယ်။ ပြေးတာက နီးစပ်ရာပြေးကြရတဲ့သူနဲ့ တောတွေထဲပြေးတဲ့သူနဲ့ အကုန်လုံး အကွဲကွဲ အပြားပြားတွေပါ၊ စစ်ဘေးဒုက္ခသည်တွေလည်း ဘယ်နားမှာ ဘယ်လိုနေကြရလဲကို မသိကြဘူး"
စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေကို ကမ္ဘာကသိပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်စေချင်တယ်လို့လည်း ဆိုပါတယ်။
အိုးဘို၊ မိုးကောင်း၊ သပြေအေး၊ ချင်းပုန်း၊ ချောင်းမ၊ စည်လှောင်၊ အောင်ချမ်းသာ၊ ပြန်လှည့်၊ ရှမ်းရွာ၊ ကုန်းရွာ၊ ရုံးလေးပင် စတဲ့ ရွာပေါင်း ၂ဝ လောက်က ဒေသခံ တစ်သိန်းကျော် ထွက်ပြေးနေကြရတာလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အခုလ ၇ ရက်နေ့ကစတင်ပြီး မြောက်ယမား တစ်လျှောက် ကျေးရွာတွေကို ခြေကျင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး ဒီကနေ့ မတ်လ ၁၂ရက်နေ့မှာလည်း နတ်ထောင့်၊ ကုန်းရွာ စတဲ့ရွာတွေထဲ ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ ကျေးရွာအတွင်းကို ပစ်ခတ်နေတာကြောင့် ဒီကနေ့မနက် မှာဆိုလည်း ရုံးလေးပင် ကျေးရွာအတွင်းက နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျပြီး မီးလောင်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရုံးလေးပင် ကျေးရွာက ဒေသခံတစ်ယောက်က ပြောပါတယ်။
“ ရွာကိုလက်နက်ကြီးချိန်ထားတယ် ရွာထဲကသူတွေထွက်ကြဆိုလို့ အတင်းထွက်ပြေး လာကြတာ၊ ထွက်ပြေးမှ ရွာတောင်ဘက် ရောက်ကာရှိသေးတယ် ပေါက်ကွဲတော့တာပဲ၊ အဝတ်လေး ယူပြီးပြေးလာခဲ့ရတာ၊ ဘာမှလည်း ယူချိန် မရသလို အပေါက်တွေတောင် ပိတ်မထားခဲ့ရဘူး၊ မဆိုင်တဲ့ ပြည်သူ၊ ပြည်သားတွေပေါ် ကျတာဆိုတော့ အိမ်တစ်လုံး မီးလောင်သွားတယ်။ သင်္ချိုင်းကုန်းမှာ ပဲတွေလှမ်းထားတဲ့ပေါ်ကျတော့ ပဲတွေ မီးလောင်သွားတယ်။ စစ်အာဏာရှင်ကို တော်တော်လေးကို ရွံမုန်းနေပြီ ”
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ် လက်ပန်တောရွာကို စတင်ဝင်ရောက်ခဲ့တဲ့ အချိန်က ထွက်မပြေးနိုင်ခဲ့လို့ ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
"စစ်ဘေးဒုက္ခသည်တွေလည်း ဘယ်နားမှာ ဘယ်လိုနေကြရလဲကို မသိကြဘူး"
စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။
ယင်းမာပင်မြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးတာတွေ ဆက်လုပ်နေရင် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သွားတော့မယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ကိုခန့်က ပြောပါတယ်။

“ ရန်သူ့စစ်ကြောင်းနဲ့ ခုခံကာကွယ်ရေး တပ်ဖွဲ့တွေကြားမှာ အပြင်းထန်တိုက်ပွဲ ဆက်ဖြစ်ခဲ့တာ ရက်ရှည်လည်းဖြစ်နေပြီ၊ ဒေသခံတွေ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတယ်။ စားဝတ်နေရေးကလည်း မပြေလည်ဘူး၊ ခုခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြည်သူကို ကာကွယ်ရမယ့် အပိုင်းရှိတဲ့အခါ ပြည်သူကို ကာကွယ်နေတဲ့ အချိန်ကာလမှာ စားစရာ၊ နေစရာအခက်ခဲရှိမယ်၊ နားလည်ပေးကြပါ၊ ရန်သူ့စစ်ကြောင်းအနေနဲ့ ထိုးစစ်တွေ ဆက်ဆင်နေမယ်ဆိုရင် သူတို့ရဲ့ တည်နေရာ၊ ယာယီတပ်စွဲထားတဲ့ နေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ ပြင်ဆင်ထားတယ်"
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ရာမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေကို စုစည်းထားပြီး တိုင်ကြားသင့်တဲ့ဆီတွေကို ပေးပို့တိုင်ကြားသွားမယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့ စစ်ကြောင်းထိုးခဲ့ရာမှာ ကုန်းရွာအနီးက ဒေသကာကွယ်ရေး တပ်စခန်းတစ်ခုလည်း မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၁ ရက် မနေ့က စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မုံရွာမြို့ကနေ စစ်ကူရောက်နေတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယာက် လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး မြောက်နုံးကျေးရွာက ဒေသခံ ရှစ်ယောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ယင်းမာပင်မြို့ဟာ အခုဆိုရင် အင်တာနက် ဖြတ်တောက်ခံထားရတာ အချိန် ၇ လခန့် ရှိနေပြီ ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂ဝ၂၂ ခုနှစ် မတ်လ ၁ရက်နေ့အထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ရရှိထားတဲ့စာရင်းတွေအရ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသိန်းသုံးထောင်ကျော် ရှိပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းမှာ ဒုက္ခသည် တစ်သိန်းခုနစ်သောင်းကျော် ရှိပါတယ်။
လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ အာဏာ သိမ်းပြီးနောက် မီးရှို့ခံရတဲ့ နေအိမ်အလုံးပေါင်း ၆၇ဝဝ ကျော်ရှိပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် လေးထောင်နီးပါးနဲ့ အများဆုံး မီးရှို့ခံထားရတာ ဖြစ်ပါတယ်။