ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အဖမ်းခံထားရတဲ့ လူငယ်တစ်ဦးကို မေလ ၂၅ ရက် မနေ့က သံတွဲခရိုင်တရားရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောင် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူက RFA ကို ဒီကနေ့ ပြောပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က) နဲ့ ထောင်ချခံရသူဟာ သံတွဲမြို့နယ် သလူကျွန်းရွာက အသက် ၂၆ နှစ်အရွယ် ကိုတင်နိုင်ထွန်းဖြစ်တယ်လို့ ဆိုပါတယ်။
“မနေ့က သူ့ကို ပုဒ်မ ၄၉ (က) နဲ့ တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်။ အယူခံဆက်တက်မလား၊ မတက်တော့ဘူးလား ဆိုတာကိုတော့ မသိရသေးဘူး။ အခုတော့ သူ့ကို သံတွဲအကျဉ်းထောင်မှာ ထားပါတယ်”
ကိုတင်နိုင်ထွန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ဂွမြို့နယ်မှာရှိတဲ့ မိတ်ဆွေတစ်ဦးရဲ့ နာရေးကအပြန်လမ်းမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် သူရဲ့လက်ကိုင်ဖုန်းထဲမှာ PDF နဲ့ ဆက်စပ်တဲ့အရာတွေ တွေ့တယ်ဆိုပြီး ဂွမြို့နယ် အမှတ် (၅၆၁) တပ်ရင်းရဲ့ ဗိုလ်ကြီးဝေလင်းအေးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာပါ။
သံတွဲမြို့မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကလည်း PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ အလုပ်နဲ့ ထောင်သုံးနှစ်စီ ချခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ထောင်ဒဏ်ချမှတ်ခံရတာ အခုဆိုရင် အမျိုးသမီးလေးဦးနဲ့ အမျိုးသားလေးဦး စုစုပေါင်းရှစ်ဦးအထိ ရှိပြီဖြစ်ပါတယ်။
အဲဒီအထဲက အမျိုးသမီးလေးဦးနဲ့ မြောက်ဦးမြို့နယ်က စာရေးဆရာလူငယ်ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင် ၁၀ နှစ်စီ ချမှတ်ခံထားရပြီး သံတွဲမြို့က ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ကတော့ ထောင်သုံးနှစ်စီ ချမှတ်ခံထားရပါတယ်။