RCSS/SSA နဲ့ မနက်ဖြန် စတင် ဆွေးနွေးမယ်လို့ စစ်ကောင်စီပြော

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေကို မေလ ၂၀ ရက် မနက်ဖြန်မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နဲ့ စတင် သွားမှာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ လာရောက်မယ့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲက မနက်ဖြန်မှာ တစ်ဖွဲ့နဲ့ စတင် တွေ့ဆုံမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

“မနက်ဖြန်မှာ ကျနော်တို့ ပထမဆုံး ဆွေးနွေးမှာကတော့ RCSS/SSA အဖွဲ့နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီနေ့ ရောက်ပါမယ်။ ကျနော်တို့ရဲ့အစီအစဉ်က ယခင်ကတည်းက ပြောပြီးဖြစ်တယ်။ ကျနော်တို့ တစ်ဖွဲ့ချင်း ဆွေးနွေးမယ်။ ဒီအဖွဲ့တွေက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်တွေနဲ့လည်း ဆွေးနွေးမယ်။ ဒီအဖွဲ့ပြီးရင် နောက်တစ်ဖွဲ့အနေနဲ့ ကတော့ နောက် သုံးရက်လောက်အကြာမှာ တွေ့မယ်”

တွေ့ဆုံတဲ့အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုအင်ဆန္ဒတွေကို ဆွေးနွေးမှာဖြစ်ပြီး အဲဒီလိုအင်ဆန္ဒတွေထဲမှာမှ စစ်ကောင်စီရဲ့ လိုလားချက်တွေ၊ လက်ရှိ လုပ်ဆောင်ပေးနိုင်မယ့် ကိစ္စတွေ၊ အနာဂတ်မှာ လုပ်ဆောင်ပေးနိုင်မယ့်ကိစ္စတွေကို ဆက်လက် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

"ဒီဆွေးနွေးပွဲမှာ ရလဒ်တစ်ခု ထွက်လာအောင် ဆွေးနွေးမယ်။ အဆုံးအဖြတ် ပေးနိုင်မယ့်သူတွေ တိုက်ရိုက် ဆွေးနွေးတာဖြစ်တယ်။ ဆက်လုပ်ရမယ့် လုပ်ငန်းတစ်ခု ရလဒ်ကောင်းတစ်ခု ထွက်လာအောင် လုပ်ပေးမယ်"လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီနဲ့ လာရောက် ဆွေးနွေးမယ့် အဖွဲ့တွေကတော့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSPP/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင် အမျိုးသား ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် ( DKBA) ၊ မွန်ပြည် သစ်ပါတီ (MNSP) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူ ဒီမိုကရက်တစ်ပါတီ (LDU)၊ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/ UWSA)၊ မိုင်းလားဒေသအဖွဲ့ (NDAA) တို့ ဖြစ်ပါတယ်။

အဲဒီအဖွဲ့တွေ အားလုံးနီးပါးဟာ လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့တွေ မဟုတ်ဘဲ လက်ရှိမှာ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး( KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကတော့ စစ်ကောင်စီနဲ့ လာရောက်တွေ့ဆုံဖို့ ငြင်းဆိုထားပါတယ်။

မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ (MNDAA) ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကတော့ တက်ရောက်မယ်၊ မတက်ရောက်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးပါဘူး။