မန္တလေးမြို့က ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော်ဟာ အိုးဘို ထောင်မှာ စစ်ကောင်စီ တပ်တွေရဲ့ ဖမ်းဆီးတာ ခံထားရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုဇော်ဇော်ကို စစ်ကောင်စီဘက်က ဘာပုဒ်မနဲ့ ဖမ်းဆီးထားတယ်ဆိုတာ တိတိကျကျ မသိရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့မနက်မှ သိရတာပါ၊ အိုးဘိုထောင်မှာ ရောက်နေတယ်၊ ပုဒ်မကလည်း ၅၀၅ လို့လည်း ပြောတယ်၊ သေသေချာချာတော့ မသိရသေးပါဘူး။ သူ့ကျန်းမာရေးကတော့ စစ်ကြောရေးမှာ နှိပ်စက်ခံရတော့ ပိန်သွား တယ်လို့ပဲ သိထားပါတယ်။ ဘာသတင်း ထောက်မှ မလုပ်တဲ့သူကို ဖမ်းသွားတုန်းကလည်း မေးစရာ ရှိတယ်ဆိုပြီး ခေါ်သွားတာ။ အခု အိုးဘိုထောင်ထဲရောက်နေပြီဆိုတော့ ဘာပုဒ်မတွေ တပ်မလဲဆိုတဲ့အပေါ် စိုးရိမ်မိ ပါတယ်"
ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက် မနက် ၉ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီး သွားတာဖြစ်ပြီး အဖမ်းခံရပြီး တစ်လကျော်အကြာ မေလ ၁၈ ရက် ဒီမနက်မှာ ခုလိုသတင်းပြန်ရတာလို့လည်း ပြောပါတယ်။
ကိုဇော်ဇော်ဟာ ဧရာဝတီသတင်းဌာနကနေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက အလုပ်ထွက်ထားတာဖြစ်ပြီး လက်ရှိမှာလည်း ဘယ်အဖွဲ့အစည်းတွေမှာမှ ပါဝင်တာမရှိဘူး လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကလည်း အလွတ်သတင်းထောက် ကိုမောင်မောင်မျိုးဟာ ကရင် ပြည်နယ် မြဝတီ မြို့ကနေ မန္တလေးမြို့ကိုအပြန် သံလွင်တံတား (ဘားအံ) မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံ ထားရတယ်လို့ သိရပါတယ်။
RFA က သီးသန့်ကောက်ယူထားတဲ့ အချက်အလက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော် ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ သတင်းသမား ၁၄၃ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။