ရွေးကောက်ပွဲမရှိရင် ရခိုင်ပြည်သူအကျိုးစီးပွား ထိခိုက်နိုင်

ဝေမာထွန်း
2020-01-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ မဲရုံအမှတ်(၂)မှာ  ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူစာရင်းကြည့်နေသူတွေကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ မဲရုံအမှတ်(၂)မှာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူစာရင်းကြည့်နေသူတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပတဲ့အခါ ရခိုင်ပြည်နယ်က မြို့နယ်အများစု ဒါမှမဟုတ် တိုက်ပွဲပြင်းထန်တဲ့နေရာတွေ မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်တွေရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ရင် ဘယ်လိုအခြေအနေတွေကြုံတွေ့ရနိုင်ပါသလဲ။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ အမ်းနဲ့ မြေပုံ မြို့နယ် ကိုးမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

လက်ရှိမှာဆိုရင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွါနေရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ တစ်သိန်းကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလဟာလည်း တဖြည်းဖြည်းနီးကပ်လာနေပြီး တိုက်ပွဲတွေ အရှိန်မလျော့ဘူးဆိုရင် ရခိုင်ပြည်နယ်ဟာ တခြားတိုင်းနဲ့ ပြည်နယ်တွေနည်းတူ ရွေးကောက်ပွဲ ဖြစ်နိုင်ချေက နည်းပါးနေတယ်ဆိုတာကို ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ရိပ်စားမိတယ်လို့ ပြောကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့၂၀၁၅ ရွေးကောက်ပွဲတွေ တုန်းကလည်း တိုက်ပွဲတွေ ရှိနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုးကန့်ဒေသအပါအဝင် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က မြို့နယ်တချို့မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပါဘူး။

တကယ်လို့များ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း လုံခြုံရေးအကြောင်းပြချက်အရ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေမရှိတော့တဲ့အတွက် လွှတ်တော်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဆိုတာ မရှိနိုင်တော့ပါဘူး။

အဲဒီအခါ တပ်မတော် ဒါမှမဟုတ် သမ္မတက တိုက်ရိုက်ခန့်အပ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့အစည်းဆိုတာ ဖြစ်လာနိုင်တယ်လို့ ဥပဒေပညာရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

“ရခိုင်ပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်အတွက် မရွေးနိုင်ဘူးဆိုရင် အစိုးရအဖွဲ့ဖွဲ့ဖို့အတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ အဲဒါဆိုရင် နိုင်ငံတော်သမ္မတ ဒါမှမဟုတ် အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တဲ့ ပြည်နယ်အဖြစ် အဲလိုလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့။ ဒီတိုင်းဆိုရင်တော့ အလားအလာက မကောင်းဘူး။ စီမံခန့်ခွဲမှု အပိုင်းတွေ ဖွံ့ဖြိုးရေးအပိုင်းတွေမှာတော့ ထိခိုက်မှာပဲပေါ့။ လုံခြုံရေးအပိုင်းမှာတော့ တပ်က သူ့အပိုင်းနဲ့ သူဆက်ပြီးသွားနေမှာပေါ့။”


တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း (မိတ္ထီလာ) ပြောသွားတာပါ။

တဖက်မှာလည်း ရခိုင်တပြည်နယ်လုံးမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာမျိုးမဟုတ်ဘဲ တိုက်ပွဲတွေမဖြစ်တဲ့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဂွ၊ စစ်တွေ၊ မာန်အောင်၊ သံတွဲနဲ့ တောင်ကုတ်လို နေရာမျိုးတွေမှာပဲ ရွေးကောက်ပွဲ ကျင်းပတာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေဟာလည်း လက်ရှိ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေဆီမှာတောင် ရှိနေပါတယ်။

တိုက်ပွဲတွေမရှိတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ်မှာပဲ ရွေးကောက်ပွဲကျင်းပပြီး ပြည်နယ်လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဖွဲ့မယ်ဆိုရင် ဒီမိုကရေစနစ်အရ တရားဝင်မှုရှိ၊ မရှိဆိုတာ မေးခွန်းထုတ်စရာဖြစ်နိုင်တယ်လို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။

“ရှစ်မြို့နယ်နဲ့ လွှတ်တော်တစ်ခုကို လုပ်လိုက်မယ်။ လွှတ်တော်အမတ် ၁၆ ယောက်ပေါ့။ တပ်မတော်ကိုယ်စား လှယ် အကုန်လုံးရဲ့ လေးပုံတစ်ပုံပေါ့ ၁၈ ယောက်ဆိုတော့ ခြောက်ယောက်ပါလားမှာလား။ အဲဒီ Cabinet  ကော တကယ့် democratic legitimacy ကို ရနိုင်မလားဆိုတာလည်း ကျနော်တို့ မခန့်မှန်းနိုင်ဘူး။  ၁၆ ယောက်နဲ့ ရခိုင်ပြည်နယ် တပြည်နယ်လုံးကို ကွပ်ကဲမယ့်အစိုးရအဖွဲ့ တရားဝင်ဖြစ်ရဲ့လားဆိုတာလည်း၊ မြောက်ပိုင်းမှာ ရွေးကောက်ပွဲမဖြစ်ဘူး။ တောင်ပိုင်းမှာ ရွေးကောက်ပွဲသပ်သပ်လုပ်မယ်ဆိုရင်လည်း လုပ်ဖြစ်တယ်ဆိုပေမယ့် ဘယ်ထောင့်က ကြည့်ကြည့် ကျနော်တို့က မလူးသာ မလွန့်သာပဲ။”

ရွေးကောက်ပွဲမရှိလို့ အုပ်ချုပ်မှုပုံစံတွေ ပြောင်းလဲလာတဲ့အခါ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ဟာ ပိုမိုပြင်းထန်လာနိုင်သလို ဒေသခံတွေကိုယ်စားပြောနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အသံတွေ ပျောက်သွားနိုင်စရာရှိပါတယ်။

တဖက်မှာလည်း ဖွံဖြိုးမှုအားနည်းနေတဲ့ ရခိုင်ပြည်နယ်ဟာ လက်ရှိမှာ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲတာထက် ပိုခက်ခဲလာသလို ကုန်စည်စီးဆင်းမှုတွေမရှိဘဲ ကုန်ဈေးနှုန်းကြီးမြှင့်တာ၊ ဒေသခံတွေ အလုပ်အကိုင်တွေမရှိဘဲ စီးပွားရေး ချွတ်ခြုံကျလာတာ၊ စာသင်ကျောင်းတွေ ပိတ်ရပြီး ကလေးငယ်တွေ ပညာသင်ကြားမှုတွေနှောင့်နှေးတာတွေ ကြုံတွေ့နေရပါတယ်။

ဒီမိုကရေစီစနစ်နဲ့ ရှေ့မဆက်နိုင်ဘဲ နောက်ပြန်ဆွဲမယ်ဆိုရင် ရခိုင်ဒေသရဲ့ အခြေအနေဟာ ဆိုးသည်ထက် ပိုဆိုးလာနိုင်စရာသာရှိပါတယ်။

လက်ရှိမှာတော့ ရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်၊ မကျင်းပနိုင် ဆိုတာကို အတိအလင်း ထုတ်မပြောသေးသလို ရက္ခိုင့်တပ်တော် AA ဘက်ကလည်း ရွေးကောက်ပွဲကို ဖြစ်စေချင်တယ်၊ မဖြစ်စေချင်ဘူးဆိုတာကို ရေရေရာရာ ထုတ်ပြောတာမျိုးမရှိသေးပါဘူး။

မကြာသေးခင် လပိုင်းတုန်းကတော့ ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည် နယ်မှာ ရွေးကောက်ပွဲကျင်းပလိုတယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်၊ အစိုးရ ဒါမှမဟုတ် ပါတီတွေဘက်က သူတို့နဲ့ ညှိနှိုင်းဖို့လိုတယ်လို့ သတင်းမီဒီယာတစ်ခုကို ဖြေကြားခဲ့တာရှိပါတယ်။

လာမယ့် ၂၀၂၀ မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအပေါ် ရက္ခိုင့်တပ်တော် AA ရဲ့ အမြင်သဘောထား ဘယ်လိုရှိလဲလို့ RFA က မေးကြည့်တော့ AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရွေးကောက်ပွဲဖြစ်ခြင်း မဖြစ်ခြင်းဟာ ရခိုင်တွေအတွက် အရေးမကြီးဘူးလို့ ပြောပါတယ်။

“လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၂၀၁၅ ရွေးကောက်ပွဲ ရခိုင်တွေ ဖြတ်ကျော်လာခဲ့ပြီ။ ရွေးကောက်ပွဲဝင်ပြိုင်လို့ ရွေးကောက်ပွဲနိုင်လည်း ဘာမှတော့ ဖြစ်လာနိုင်စရာမရှိဘူး။ မနိုင်လည်း ဘာမှဖြစ်လာနိုင်စရာမရှိဘူး။ အဲဒါ ကြောင့်မို့လို့ ခြုံပြီးတော့ ပြောလို့ရှိရင် ရခိုင်တွေအတွက်ကတော့ ရွေးကောက်ပွဲ လုပ်ဖြစ်ခြင်း မလုပ်ဖြစ်ခြင်းက သိပ်အရေးမပါဘူး။ အခုအချိန်မှာ ရခိုင်တွေအတွက်ပိုပြီးတော့ အရေးပါတဲ့ကိစ္စကတော့ အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးနဲ့ ကိုယ့်ကံကြမ္မာကို ဖန်တီးနိုင်ရေးက ပိုပြီးတော့ အရေးကြီးတယ်ဗျ။”

၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်အမျိုးသားပါတီ ANP ဟာ ပြည်နယ်လွှတ်တော် ၄၇ နေရာရှိတဲ့အနက် ၂၃ နေရာကို အများဆုံးနိုင်ထားတဲ့ပါတီဖြစ်ပါတယ်။ ANP ရဲ့ပြိုင်ဖက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ ၉ နေရာအနိုင်ရရှိခဲ့ပြီး၊ ကြံ့ခိုင်ရေးပါတီက သုံးနေရာသာ အနိုင်ရရှိခဲ့ပါတယ်။ ပြည်နယ်လွှတ်တော်မှာ ထိုင်ခုံအရေ အတွက် ၄၇ နေရာဆိုပေမယ့် ၁၂ နေရာဟာ (၂၅ ရာခိုင်နှုန်း) တပ်မတော်သားတွေက  ရွေးကောက်ပွဲမဝင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အလိုအလျောက်ရထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မဲအများဆုံးအနိုင်ရရှိလို့လည်း အဲဒီအချိန်တုန်းက ANP ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို မဲအများအဆုံးအနိုင်ရရှိတဲ့ ပါတီကနေ ရွေးချယ်တင်မြှောက် ပေးဖို့ လက်ရှိအာဏာရပါတီ NLD ကို တောင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ၂၀၁၈ ခုနှစ် ဇွန်နဝါရီ လမှာ ဒေါက်တာအေးမောင်ဟာ မြောက်ဦးဆန္ဒပြမှုဖြစ်စဉ်၊ ရသေ့တောင် စာပေဟောပြောချက်တွေနဲ့ ပတ်သက် ပြီးတော့  နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲဆိုခံရပြီးတော့ လက်ရှိအင်းစိန်ထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။

ရခိုင်လွှတ်တော်အမတ်တွေဟာ ပြည်နယ်နဲ့ ပြည်ထောင်စုတွေမှာ ကိုယ်စားပြုမှုတွေရှိပေမဲ့ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်စစ်ပွဲတွေနဲ့ ပတ်သက်လို့  ပြည်ထောင်စုအဆင့်လွှတ်တော်တွေမှာ  တင်ပြခွင့်မရတာတွေ၊ ပြည်နယ် လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီက အများစုနိုင်လို့ တင်ပြခွင့်ရပြီး အဆိုတွေ အောင်မြင်ခဲ့လို့ရှိရင်လည်း အစိုးရအဖွဲ့ဘက်က အကောင်အထည်ဖော်ဆောင်ရွက်ပေးမှု အားနည်းတာတွေကြောင့် AA ဦးဆောင်တဲ့ လက်နက်ကိုင်လမ်းစဉ်ဘက်ကို ယိမ်းလာကြပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြနယ်မှာ ရွေးကောက်မရှိ ရှိ၊ မရှိဆိုတာလည်း သိပ်မထူးဘူးဆိုတဲ့ အယူအဆတွေဟာ ရခိုင်လူထုကြားမှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အနည်းဆုံး သတင်းမီဒီယာတွေနဲ့ ချိတ်ဆက်ပြီး ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို အများသိအောင် ပြောဆိုဆောင်ရွက်နိုင်တာမျိုးတွေရှိတယ်လို့ ရသေ့တောင် မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကပြောပါတယ်။

“ပြည်သူတွေအတွက်က အခက်အခဲတွေရှိသွားမှာပေါ့။ သတင်းမီဒီယာတွေဆိုတာက များသောအားဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုတွေရှိတယ်။ အဲတော့ ရသေ့တောင်မြို့နယ်မှာ တခုခုဖြစ်လို့ရှိရင် သတင်းဆက်မေးတယ်။ မြေပြင်အခြေအနေတွေကို မသိရင်တောင် ကျေးရွာသားတွေနဲ့ အဆက်အသွယ်လုပ်ပြီး ကျေးရွာသားတွေရဲ့ ပြောပြချက်အရ အန်တီဝေတို့ ပြောပြလို့ရတယ်။”


လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဘယ်အချိန်ကျင်းပမယ်ဆိုတာ ကော်မရှင်က ထုတ်ပြန်တာ မရှိသေးပေမယ့် လာမယ့် စက်တင်ဘာလနဲ့ နိုဝင်ဘာလတွေမှာ ကျင်းပနိုင်ချေရှိတယ်လို့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့