တရုတ်နယ်စပ်မှာ မြန်မာကုန်ကား ၄၀၀ ခန့် ငါးလကြာပိတ်မိနေ

2021.11.24
တရုတ်နယ်စပ်မှာ မြန်မာကုန်ကား ၄၀၀ ခန့် ငါးလကြာပိတ်မိနေ တရုတ်နိုင်ငံ လာရင်းမြို့မှာ ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို တွေ့ရစဉ်
Photo: Citizen Journalist

ကချင်ပြည်နယ် လွယ်ဂျယ်မြို့ရဲ့ တစ်ဘက် တရုတ်နိုင်ငံ လာရင်းမြို့မှာ မြန်မာနိုင်ငံက ကုန်တင်ကား အစီးလေးရာနီးပါး ပိတ်မိနေတာ အခုဆိုရင် ငါးလ ရှိလာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်ခွင့်ရဖို့ ကားသမားတွေက လိုလားနေကြပါတယ်။

အဲဒီကားတွေက မြန်မာနိုင်ငံက ပဲနီစိမ်း၊ နှမ်း၊ မြေပဲဆံ အစရှိတဲ့ ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံကို သွားပို့ပြီး နောက် တရုတ်အစိုးရက ကိုဗစ်ကပ်ရောဂါကြောင့် နယ်စပ်ဖြတ်ကျော်မှုကို ရုတ်တရက် ပိတ်လိုက်တဲ့အတွက် ပိတ်မိနေကြတာပါ။

အဲဒီကားတွေကို မြန်မာနိုင်ငံထဲကို အမြန်ဆုံး ပြန်ခွင့်ပေးစေချင်တယ်လို့ တရုတ်နိုင်ငံထဲ ကားပိတ်မိနေတဲ့ ကားပိုင်ရှင်တစ်ဦးဖြစ်သူ ကိုမင်းထိုက်က RFA ကို ပြောပါတယ်။

"အခုကျွန်တော်တို့ ကားလေးတွေက ရှင်းရှင်းပြောလို့ရှိရင်ဗျာ၊ ပွင့်လင်းရာသီလည်းရောက်ပြီဆိုတော့ တရုတ် ထုတ်ပေးသင့်ပြီ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ဒီကလမ်းကြောင်း ပေးလို့ရတယ်။ အခုက တရုတ်ပြည်ထဲမှာဆိုတော့ ဘာမှကို လုပ်မရဘူး။ တော်တော်လည်း ဒုက္ခ ရောက်နေတယ်။ ကျွန်တော်တို့အနေနဲ့တော့ လောလောဆယ်ဆယ် ဖွင့်တာ၊ မဖွင့်တာ တစ်ကဏ္ဍ ပေါ့နော်။ မြန်မာပြည်မှာကျန်တဲ့ သူတို့တရုတ်ကားတွေရော ကျွန်တော်တို့ တရုတ်ပြည်မှာ ကျန်တဲ့ ဗမာကားတွေ ရောထုတ်စေချင်တာ"

ကိုမင်းထိုက်ရဲ့ ကားဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကပင် တရုတ်နိုင်ငံကို ကုန်သွားပို့ရင်း ပြန်လာလို့ မရတော့ဘဲ ပိတ်မိနေတာပါ။

တချို့ကားတွေဟာ ဂိုဒေါင်မရောက်သေးခင် နယ်စပ်ဂိတ်တွေ ပိတ်တာနဲ့ ကြုံလိုက်ရတဲ့အတွက် ပစ္စည်းဖိုး တောင် မရကြဘဲ ကားကိုပါ ဒီအတိုင်း ရပ်ထားကြရတယ်လို့လည်း ကိုမင်းထိုက်က ပြောပါတယ်။

ကိုဗစ် - ၁၉ တတိယလှိုင်း စဖြစ်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ကတည်းက တရုတ်နိုင်ငံက နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်လိုက်တာပါ။

ကားပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုဇော်ချိုကလည်း ကုန်တင်ကားတွေဟာ ငါးလကြာတဲ့အထိ မြန်မာနိုင်ငံထဲ ပြန်လာခွင့်မရတာကြောင့် နစ်နာမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ RFA ကိုပြောပါတယ်။

"ပဲတင်ပြီးမှ ပို့တဲ့အချိန် ဟိုဘက်မှာ ပိတ်မိထားတာဗျ။ ကုန်က ဒီဘက်က ဝင်တဲ့ကုန်တော့ ချပြီးပြီ။ ဟိုဘက်ကနေ ဒီဘက်အဆင်းကိုပြန်တဲ့ ကုန်တော့ တင်ထားတယ်။ တင်လျက်ထဲက အဲကတည်းက ပိတ်သွားတာ။ ကားပိတ်ထားတော့ ကျွန်တော်တို့ ဒီကားတွေနဲ့ပဲ စားဝတ်နေရေး လည်ပတ်တာဆိုတော့ ကျွန်တော်တို့မိသားစု အခက်အခဲကတော့ ရှိတာပေါ့။ ကားမောင်းတဲ့ ကောင်လေးတွေဆိုလည်း ဒီကားတွေနဲ့ပဲ ရပ်တည်သွားလာနေကြတာဆိုတော့ အလုံးတော့ အခက်အခဲဖြစ်တာပေါ့ဗျာ။ အခုက ကားလည်း ကြည့်မရဘူး အတွင်းလည်း ဝင်ရဘူးဆိုတော့ ဟိုဘက်မှာ ဒီတိုင်းပဲ ပစ်ထားသလို ဖြစ်နေတာပေါ့"

ပိတ်မိနေတဲ့ကားတွေမှာ မြန်မာပြည်ထဲကို သယ်ယူလာဖို့အတွက် ကုန်ပစ္စည်းတွေ အဆင်သင့် တင်ထားပြီး ဖြစ်ပေမယ့် မိုးရာသီတစ်ခုလုံး ကုန်အပြည့်နဲ့ ရပ်ထားရတာလို့လည်း ဆိုပါတယ်။

အဲဒီကားတွေဟာ ကချင်ပြည်နယ် ဗန်းမော်မြို့က အများဆုံးဖြစ်ပြီး မန္တလေး၊ ပခုက္ကူ၊ စစ်ကိုင်း စတဲ့ ဒေသတွေက ကားတွေလည်း ပါဝင်တယ်လို့ ကားပိုင်ရှင်တွေက ပြောပါတယ်။

"စားဝတ်နေရေးကအစ ကားကိုပဲ မှီခိုလုပ်စားကြတော့ ကားတွေ ပြန်မထွက်လာတော့ စိတ်ဆင်းရဲတာပေါ့"

ဗန်းမော်ယာဉ်မောင်းများ ပရဟိတ လူမှုကူညီရေးအသင်း နာယက ဦးသန်းဇော်လတ်ကတော့ ကုန်စည် စီးဆင်းမှု လမ်းကြောင်း ပိတ်နေလို့ ကားသမားတွေ အလုပ်လက်မဲ့ဖြစ်ရသလို ပြည်သူတွေအတွက်လည်း အခက်အခဲဖြစ်ရတယ်လို့ ပြောပါတယ်။

"စိတ်ဆင်းရဲပြီးတော့ သောကတွေနဲ့ ရင်ဆိုင်ရတာပေါ့။ ကားက ပြန်ထွက်မလာတော့ လုပ်စားဖို့ စားဝတ် နေရေး ကအစ ကားကိုပဲ မှီခိုလုပ်စားကြတော့ ကားတွေ ပြန်မထွက်လာတော့ စိတ်ဆင်းရဲတာပေါ့။ ကားတွေကိုလည်း ဒီတိုင်းပစ်ထားရတော့ ကားဆိုတဲ့အမျိုးက လူလိုပါပဲလေ။ ရပ်ထားတာကြာတော့ တာယာတွေလည်း ဆွေးမြေ့လာတာပေါ့။ အင်ဂျင်တွေလည်း မနှိုးတာကြာတော့ ဘက်ထရီအိုးတွေလည်း ပျက်လာတာပေါ့"

ဗန်းမော်ခရိုင် ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနက အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးကတော့ ပိတ်မိနေတဲ့ ကုန်တင်ကားတွေ ပြန်လာခွင့်ရရေးအတွက် နိုဝင်ဘာ ၂၃ ရက် မနေ့က တရုတ်နိုင်ငံဘက် တာဝန်ရှိသူတွေနဲ့ မြန်မာနှိင်ငံက နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေ ၇ ကြိမ်မြောက်အဖြစ် မူဆယ်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ဘက်က ကားဆရာတွေက ကိုယ့်ကားက အဲလိုအကြောင်းအမျိုးမျိုးကြောင့်နဲ့ ၇ လပိုင်း ကတည်းက ပိတ်မိနေတာလေ။ ကျွန်တော်သိတာတော့ ခြောက်ခေါက်၊ ခုနစ်ခါလောက် ညှိနှိုင်းနေတာ။ တရုတ်ပြည်ဘက်က ကားတွေလည်း အစီးတစ်ရာလောက်တော့ ပိတ်နေတယ် သူကတော့ ခါလီတွေပေါ့"

အရင်က နှစ်နိုင်ငံ ဆွေးနွေးမှုတွေဟာ မပြေလည်ခဲ့ပေမယ့် မနေ့က ဆွေးနွေးတဲ့အကြောင်း အသေးစိတ် ကိုတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဖို့ ငြင်းဆိုပါတယ်။

lwaljal-gate.jpg
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် လွယ်ဂျယ်ဂိတ်ကို ၂၀၂၁၊ နိုဝင်ဘာ ၂၃ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

ပိတ်မိနေတဲ့ကားတွေကို တရုတ်နိုင်ငံဘက်က ကိုဗစ်ကပ်ရောဂါကြောင့် ပြန်မထုတ်ပေးသေးတာဖြစ်ပြီး အခုရက်ပိုင်း ပြန်ခွင့်ပြုပေးမယ်လို့ ပြောဆိုမှုတွေရှိပေမယ့် ဒီနေ့အထိတော့ အကြောင်းမထူးသေးဘူးလို့ ဆိုပါတယ်။

မူဆယ်နယ်စပ် ဆန်စပါးကုန်စည်ဒိုင် အသင်းဒုဥက္ကဋ္ဌ ဦးမင်းသိန်းကတော့ မနေ့က အစည်းအဝေးမှာ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး ကျင်စန်းကျော့ဂိတ်ကနေ တစ်ရက်ကို ကွန်တိန်နာ ငါးလုံး အဝင်၊ အထွက် စနစ်နဲ့ ပြန်လည်ဖွင့်လှစ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ ပြောပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ အခုကုန်ကားတွေ ပိတ်မိနေတဲ့ လွယ်ဂျယ် နယ်စပ်ဂိတ်ကနေ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ မှာ သွင်းကုန် ပို့ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၅ သန်းရှိခဲ့ပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် ငါးလအတွင်းက လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ သွင်းကုန်၊ ပို့ကုန်တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁၁၃.၀၁၇ သန်းရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ငါးလအတွင်းမှာ ၁၀၁.၁၇၄ သန်း ရှိခဲ့တာကြောင့် အာဏာသိမ်းပြီးနောက် ငါးလအတွင်း ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၁.၈၄၃ သန်းအထိ လျော့သွားတယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။