ရခိုင်ပြည်နယ်တစ်ခုလုံးလွတ်မြောက်အောင် တိုက်ခိုက်သွားမယ်လို့ AA ပြော
2024.03.04
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ကင်းစင်ပြီး တစ်ပြည်နယ်လုံး လွတ်မြောက်အောင် ဆက်လက်တိုက်ခိုက်သွားမယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက မတ်လ ၄ ရက် ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
ဒါဟာ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေရဲ့အနာဂတ်ကို ရခိုင်လူမျိုးတွေရဲ့လက်နဲ့ ဖန်တီးနိုင်ဖို့အတွက်ဖြစ်တယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။
"ရက္ခိုင့်တပ်တော် (AA) ရဲ့ ရည်မှန်းချက်အတိုင်း ရခိုင်ဒေသတစ်ခုလုံးလွတ်မြောက်အောင် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ရခိုင့်ကံကြမ္မာကို ရခိုင့်လက်နဲ့ ဖန်တီးနိုင်တဲ့ အာရက္ခပြည်ရဲ့ အနာဂတ်ကို ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့လက်နဲ့ တည်ဆောက်သွားမယ်ဆိုတာ ပြောချင်ပါတယ်"
ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုကနေ သီးခြားခွဲထွက်သွားဖို့ ဆန္ဒမရှိဘဲ မြန်မာနိုင်ငံထဲမှာပဲ ရခိုင့်ကံကြမ္မာကို ရခိုင်လူမျိုးတွေကိုယ်တိုင် ဖန်တီးခွင့်ရဖို့ မူကိုကိုင်စွဲပီး ကွန်ဖက်ဒရေးရှင်းအဆင့်ထက်မနိမ့်တဲ့ နိုင်ငံရေးမူနဲ့ ရပ်တည်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
"ကျွန်တော်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ရခိုင့်ကံကြမ္မာကို ရခိုင့်လက်နဲ့ ဖန်တီးနိုင်တဲ့ အာရက္ခပြည်ရဲ့ အနာဂတ်ကို ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့လက်နဲ့ တည်ဆောက်သွားမယ်ဆိုတာ ပြောချင်ပါတယ်"
အဲဒီလို အခွင့်အလမ်းတွေကိုလည်း ဘယ်သူ့ဆီကမှ တောင်းဆိုနေမှာမဟုတ်ဘဲ အာမခံချက်ရရှိရေးအတွက် ရက္ခိုင့်တပ်တော် (AA) ကိုယ်တိုင်ပဲ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဇန်နဝါရီလ ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြား အပစ်ရပ်စဲနေပြီး သဘောတူညီချက်တွေကို ဆက်လက် ဆွေးနွေးနေပေမယ့် ရခိုင်ပြည်နယ်နဲ့ ကချင်၊ စကိုင်း စတဲ့ ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားရာ မဟာမိတ်နယ်မြေတိုင်းမှာတော့ AA နဲ့ တခြား မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးကို ဆက်လက်တိုက်ပွဲဝင်နေဆဲလို့လည်း ဆိုပါတယ်။
လက်ရှိအပစ်ရပ်ထားတဲ့အထဲမှာ ရခိုင်ဒေသ မပါဝင်သေးဘူးလို့လည်း ရက္ခိုင့်တပ်တော်(AA) ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
"အခုကျွန်တော်တို့က ဟိုင်ဂင်ကိစ္စကိုပဲ ဆွေးနွေးတာဆိုတော့ ရှမ်းမြောက်မှာရှိတဲ့ AA နဲ့ပဲ သက်ဆိုင်တယ်။ ရခိုင်ပြည်ဘက်မှာရှိတဲ့ AA က မပါသေးဘူး"
ရက္ခိုင့်တပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ တောင်ပြိုစတဲ့မြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကို သိမ်းပိုက်ထားပြီး နောက်ထပ် ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့တွေက စစ်ကောင်စီတပ်ရင်းတွေကို ဆက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးကို RFA က ဆက်လက် မေးမြန်းရာမှာ AA အဖွဲ့ရဲ့ လိုလားချက်က ပြတ်သားနေတဲ့အတွက် ရခိုင်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဦးမယ်လို့ ပြောပါတယ်။
"သဘောတူပြီး ရပ်လိုက်လို့ရှိရင် ရခိုင်မှာအဓိကကျတဲ့ ပင်လယ်ကမ်းခြေနဲ့ပတ်သက်တဲ့ စစ်တွေ၊ ကျောက်ဖြူကို သူတို့ဆုံးရှုံးသွားမှာလေ။ အဲဒီနေရာတွေကို သူတို့ကြိုးစားခွင့် မရတော့ဘူးပေါ့ဗျာ။ ဒီအခြေအနေကို သူတို့က လက်မခံဘူး။ ဒါကြောင့် သူတို့က ဆက်တိုက်မယ်လို့ပြောတာ။ ဒါကရှင်းပါတယ်။ သူတို့ဘက်က လိုလားချက်က ပြတ်သားနေတာပဲပေါ့နော်။ ဒီဘက်ကလည်း သည်းခံမှာမဟုတ်တဲ့အခါကျတော့ ရှမ်းမြောက်မှာရှိတဲ့ AA က ရခိုင်လာပြီး တိုက်ပေးမယ်ပေါ့ဗျာ။ အဲဒီမှာတော့ တိုက်ပွဲက ငြိမ်းစရာမရှိဘူး။ အနည်းဆုံးတော့ ကျောက်ဖြူလောက်ကို သိမ်းပြီးမှ ကျေနပ်နိုင်မယ့်သဘောလို့မြင်တယ်"
ရခိုင်တိုက်ပွဲသုံးလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှု တွေကြောင့် သေဆုံးတဲ့အရပ်သား ၁၁၁ ဦးနဲ့ ဒဏ်ရာရသူ ၃၅၇ ဦးရှိသွားပြီး AA ကပြောဆိုထားပါတယ်။ ဒီကာလအတွင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်လည်း သုံးသိန်းနီးပါးရှိပြီလို့ ဆိုပါတယ်။
လက်ရှိရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်မယ့် အမြင့်ဆုံးအခြေအနေတစ်ရပ်ကို ရောက်ရှိနေပြီလို့လည်း ရခိုင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီတိုက်ပွဲကတော့ အနိုင်တိုက်ရမယ့်တိုက်ပွဲဖြစ်တယ်။ ဒါပေမဲ့ ဒီတိုက်ပွဲမှာ အများကြီးသေဆုံးနိုင်တယ်ပေါ့နော်။ ဒေသခံတွေကတော့ AA ကို အများကြီးမျှော်လင့်ပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်တဲ့ အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်ပေါ့"
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်နေ့ထက်တစ်နေ့ တိုက်ပွဲပြင်းထန်လာနေပြီး အရပ်သားတွေနဲ့နေထိုင်တဲ့ မြို့၊ရွာတွေ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ်မှာ ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့မဟုတ်ဘဲ လက်နက်ကိုင်ပြီး တောင်းဆိုတာတွေကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ပြောဆိုထားပါတယ်။