ရသေ့တောင်က တပ်ရင်း သုံးခုကို AA တိုက်ခိုက်

ကျော်လွင်ဦး
2019.11.16
rathedaung-622 ရခိုင်ပြည်မြောက်ပိုင်း ရသေ့တောင်မြို့တစ်နေရာကို တွေ့ရစဥ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

ရသေ့တောင်မြို့ပေါ်မှာရှိတဲ့ ခမရ ၅၃၆၊ ၅၃၇ နဲ့ ၅၃၈ တို့ကို ရက္ခိုင့်တပ်တော် AA က မနေ့ညက အဝေးကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတပ်ရင်းတွေကို တိုက်ခိုက်ရတဲ့အကြောင်းရင်းကို ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခ ပြောတာက-

“ဗမာစစ်တပ်ဟာ ဒီတပ်ရင်းဌာနချုပ်တွေကနေ လက်နက်ကြီးတွေနဲ့ မဆင်မခြင် ရမ်းကားပစ်ခတ်တာတွေ တောက်လျောက်လုပ်နေတာရှိတယ်၊ ဒီရက်ပိုင်းတွေမှာ ဗမာစစ်တပ်က လက်နက်ကြီးတွေနဲ့ ခပ်စိတ်စိတ်ပစ်တာတွေရှိတာကြောင့် ကျနော်တို့ဘက်ကလည်း လိုအပ်သလို သတိပေး ပစ်ခတ်တာတွေ လုပ်ခဲ့တာတွေ တန်ပြန်လုပ်ခဲ့ရတာတွေရှိတယ်”

ရသေ့တောင်မြို့နယ်မှာ အရင်က တိုက်ပွဲကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ငါးရက်လောက်ကစပြီး AA နဲ့ တပ်မတော် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေတာလို့ သိရပါတယ်။

မနေ့ညက AA တိုက်ခိုက်မှုနောက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာ ဒေသခံ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

အဲတစ်ဝိုက်က ရွာတစ်ဆယ်နှစ်ဆယ်မှာ လူတွေမရှိတော့ဘူး အိမ်တွေပဲကျန်တယ်

“မနေ့တုန်းကလည်း ငတောက်တူချေရွာက ကိုယ်ဝန်ဆောင်အမျိုးသမီး ထိခိုက်ဒဏ်ရာရတာရှိတယ်၊ အဲရွာက စစ်တပ်နဲ့နီးနီးလေးဘဲ၊ တပ်ကလည်း ကျည်အားတွေအများကြီး သုံးတယ်ပြောတယ်၊ အဲတစ်ဝိုက်က ရွာတစ်ဆယ်နှစ်ဆယ်မှာ လူတွေမရှိတော့ဘူး အိမ်တွေပဲကျန်တယ်”

တပ်မတော်ဘက်က  ပစ်ခတ်လို့ ဒေသခံအမျိုးသမီး ကျည်ထိမှန်တာလို့ ခိုင်သုခ နဲ့ ဒေသခံတွေက ပြောပေမယ့် တပ်မတော်ဘက်ကတော့ ငြင်းဆိုပါတယ်။

မနေ့ညက တပ်ရင်းတွေပစ်ခံရတာ၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီး ကျည်ထိမှန်တာတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က မေးမြန်းရာမှာ -

“ရှော့တိုက်ဒုံးနဲ့ အဝေးကနေ လှမ်းပစ်တာပေါ့၊ ပစ်တဲ့နေရာက ရသေ့တောင်ရဲ့အရှေ့ဘက်မှာ လေးဂွဆုံဆိုတာရှိတယ်၊ ကျနော်တို့ ရသေ့တောင်ချောင်းရဲ့ အရှေ့ဘက်ပေါ့၊ အဲလေးဂွဆုံကနေပြီးတော့ တပ်ရင်းဌာနချုပ်ရှိတဲ့နေရာကို အဲဒါနှစ်ခုနဲ့ လှမ်းပစ်တာပေါ့၊ ဒါပေမဲ့ အဲနှစ်ခုဟာ တပ်နားမကျ ဘယ်နားသွားကျလည်းဆိုရင် ငတောက်တူးချေရွာဟောင်းရှိတယ်၊ ရွာသစ်ရှိတယ်၊ အဲနားကျသွားတယ်၊ အဲနားကျတော့ အဲနားမှာရှိတဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရတယ်လို့ အကြမ်းဖျင်းသိရတယ်”

မနေ့ညက တိုက်ပွဲပြင်းထန်ခဲ့သလို တပ်မတော်က ဒေသခံရွာသားတွေကို AA နဲ့ ပတ်သက်မှု ရှိ မရှိ စစ်ဆေးမေးမြန်းနေပါတယ်။

အမ်းမြို့နယ် ဂဏန်းပြင်ကျေးရွာအုပ်စုက လောင်းချောင်းကျေးရွာသား လေးဦး ဖမ်းဆီးခံခဲ့ရပါတယ်။ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

“မနေ့က လေးယောက်ဖမ်းသွားတာရှိတယ်၊ ဂဏန်းပြင်ရွာထဲက တပ်တွေရှိတယ်လေ၊ အဲတပ်တွေမှာခေါ်ထားတာ လူကြီးတွေကသွားတွေတာ မတွေ့ရဘူးတဲ့၊ အဲလောက်ပဲ ကျနော်တို့သတင်းကြားရတယ်၊ ကျနော်တို့ကျေးရွာမှာလည်း လူငယ်တွေ ထွက်ပြေးကုန်တာ တစ်ယောက်မှမရှိတော့ဘူး၊ ဘာကြောင့်ဖမ်းတယ်ဆိုတာ ကျနော်တို့လည်းမသိပါဘူး၊ ကျနော်ဆီမှာက AAတို့ဘာတို့ဆိုတာ လာတာလည်း မရှိပါဘူး၊ တခါမှမလာဘူး၊ မြင်လည်းမမြင်ဖူးပါဘူး၊ သိလည်းမသိပါဘူး၊ သူတို့လည်းမလာဖူးဘူး”

တပ်မတော်ဘက်ကတော့ သူတို့အနေနဲ့ ဖမ်းဆီးထားတာမရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရူး - ရေဘုတ် - တပ်တောင်နဲ့ အမ်းမြို့နယ်ထိ ဖောက်လုပ်ထားတဲ့ကားလမ်းမှာ ဆိုင်ကယ်စီးလာတဲ့ ရွာသား ၅ဦးကို AAနဲ့ဆက်စပ်တယ်လို့ ယူဆပြီး တပ်က ဖမ်းထားတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

အဲဒီထဲက တစ်ဦးကိုလွှတ်ပေးပြီးပြီ၊ ကျန်လေးဦးကိုတော့ ဆက်လက်စစ်ဆေးနေပြီး AAနဲ့ မပတ်သက်ဘူးဆိုရင် ပြန်လွှတ်ပေးမယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြေပုံမြို့နယ် ရွာသာယာရွာက ရွာသား ငါးဦး၊ ကျောက်တော်မြို့နယ် စပါးဆိပ်ရွာက ရွာသား လေးဦးကိုလည်း ဖမ်းဆီးစစ်ဆေးမေးမြန်းနေပါတယ်။

AA ကလည်း အာဏာရ NLD ပါတီ ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့  AA က သုံ့ပန်းလဲလှယ်ရေး ကြေညာချက် ထုတ်ခဲ့ပါတယ်။ သူတို့ဖမ်းဆီးထားတဲ့ စစ်ဘက်နဲ့သက်ဆိုင်သူတွေကို တပ်မတော်က ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးထိန်းသိမ်းထားသူတွေနဲ့ လဲလှယ်လိုကြောင်း ကြေညာခဲ့တာပါ။ AA ရဲ့ အစီအစဉ်ကို အစိုးရနဲ့ တပ်မတော်က လက်မခံပါဘူး။ AA လုပ်ဆောင်နေတာတွေဟာ ဥပဒေနဲ့မညီတဲ့အတွက် လက်မခံကြောင်းနဲ့ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေးကိုသာ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ အစိုးရက တပ်မတော်ကို ညွှန်ကြားထားတယ်လို့ မနေ့က သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွားတွေကြောင့် သေဆုံးသူ အရပ်သား ၉၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၄၀ နီးပါးရှိနေပြီလို့ ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။