ပိတ်မိနေတဲ့ဒုက္ခသည်တွေကို ကူညီဖို့သွားတဲ့အဖွဲ့ကို တပ်မတော်တားမြစ်

0:00 / 0:00

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ကျေးရွာပေါင်း ၃၀ နီးပါးကို အကူအညီပေးဖို့ သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်တဲ့အဖွဲ့ကို တပ်မတော်က တားမြစ်လိုက်ပါတယ်။

မင်းပြားမြို့နယ်မြောက်ပိုင်းက အိုးပုံတောင်၊ တောင်ပုတ်ကေ၊ ကျောက်မော်၊ ဖုံသာ၊ သလူချောင်း၊ နတ်မော် စတဲ့ ကျေးရွာပေါင်း ၃၀ ကျော်မှာ လူဦးရေ ခန့်မှန်း ၃၀၀၀ ကျော် ပိတ်မိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီကယ် ဆယ်ရေးဆောင်ရွက်နေသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

တိုက်ပွဲတွင်း ပိတ်မိနေတဲ့ရွာတွေက ဒေသခံတွေဟာ စားဝတ်နေရေး ခက်ခဲနေတာကြောင့် အကူအညီပေးဖို့ မနေ့ကသွားတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် ဦးဆောင်တဲ့အဖွဲ့ကို တပ်မတော်က မနေ့က တားဆီးခဲ့တဲ့အတွက် လမ်းကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

မင်းပြားမြို့နယ်အတွင်းမှာ နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လုံခြုံရေးအခြေအနေအရ စိုးရိမ် ရတဲ့အတွက် မသွားဖို့ ပြောခဲ့တာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းလောက်ကစပြီး မင်းပြားမြို့နယ် ကုလားမတောင်ရွာနဲ့ သလူးချောင်းအနီးမှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲစတင်ဖြစ်ပွားနေပြီး ဒီနေ့အထိ တိုက်ပွဲတွေက ရှိနေဆဲဖြစ်ပါတယ်။ မင်းပြားမြို့နယ် အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်လည်း ၅ထောင်ခန့် ရှိနေပါတယ်။

တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးတဝိုက်က ဒေသခံရွာသားတွေဟာ တိုက်ပွဲနဲ့ဝေးတဲ့နေရာတွေဖြစ်တဲ့ အမ်းသားရွာ၊ သေကန်ရွာ၊ နရမ်းရွာနဲ့ မင်းပြားမြို့ပေါ်က ဘုန်းကြီးကျောင်း နှစ်ကျောင်းမှာ ခိုလှုံနေကြရပြီး စစ်ဘေးရှောင် အရေအတွက်က ၃၀၀၀ နီးပါးလောက်ရှိနေပြီလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ သင်္ဂဟ-ကမ်းလက်ပရဟိတ အဖွဲ့က ကိုအမ်းသားကြီးက ပြောပါတယ်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် ဟာ တိုက်ပွဲတွင်း ပိတ်မိနေတဲ့ ကျေးရွာတွေက ဒေသခံတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အကူအညီပေးဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မနေ့က တွေ့ဆုံစဉ်မှာ အကူအညီတောင်းခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦး ကတော့လတ်တလောမှာ စာရင်းရထားတဲ့ ဒုက္ခသည်တွေအတွက် အကူအညီတချို့ ပေးနိုင်ပြီး တိုက်ပွဲကြားပိတ်မိနေတဲ့သူတွေကို အကူ အညီပေးနိုင်ဖို့တော့ အခက်အခဲတွေရှိတယ်လို့ ပြောပါတယ်။

ရခိုင်တိုင်းရင်းသားများမျိုးနွယ်စု အစည်းအရုံးက ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၁၈ ဒီဇင်ဘာလက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ခြောက်သောင်းနီးပါးရှိနေပြီး တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၆၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူက၂၀၀ ခန့်ရှိနေပြီလို့ သိရပါတယ်။

(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)