ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းရွာထဲမှာ တပ်မတော်က တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတာတွေကြောင့် ရွာသားတွေ ထိတ်လန့်နေရကာ စာသင်ကျောင်းနဲ့ ဆေးရုံတွေလည်း မဖွင့်ရဲဘဲ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်းမြောင်းရွာထဲမှာ တပ်မတော်က တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတာဟာ ရက်ပေါင်း ၂၀ ကျော်ကြာနေပြီဖြစ်ပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့ကစပြီး ပန်းမြောင်းရွာလယ်ထဲက အောင်မင်္ဂလာတောင်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာမို့ အထက်တန်းကျောင်းတစ်ကျောင်းနဲ့ မူလတန်း ငါးကျောင်းတို့ ပိတ်ထားရပြီး တိုက်နယ်ဆေးရုံ လည်း မဖွင့်ရဲသလို ရွာပြင်ကိုတောင် မထွက်ရဲတဲ့အခြေအနေဖြစ်နေရတယ်လို့ ရွာသားတွေက ပြောကြပါတယ်။
သြဂုတ်လ ၂၄ ရက်နေ့က ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် သုံးဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့ တာကြောင့် နောက်ထပ်အခုလိုဖြစ်လာမှာကို စိုးရိမ်နေကြရတယ်လို့ အမည်မဖော်လိုတဲ့ ရွာသား တစ်ဦးက ပြောပါတယ်။
"အောင်မင်္ဂလာတောင်ပေါ်ရဲ့ အရှေ့ဘက်တွေကိုပဲ ပစ်တာ နေ့တိုင်းပစ်နေတာ ဒီနေ့တစ်ရက်တော့ပစ်သံတော့ မကြားရသေးဘူး၊ မိုးတွေက တအားရွာနေတာလေ ၂၄ ရက်နေ့က သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရတော့ အကုန်လုံးထွက်ပြေးကုန်ကြတာ မြောက်ဦး စစ်တွေဘက်တွေဆီ ထွက်ပြေးကြတယ်၊ ဆေးရုံနဲ့ ကျောင်းတို့တော့ အကုန်လုံးပိတ်ထားရတယ်၊ သူတို့လက်နက်ကြီးကျည်ကျမှာကြောက်လို့ ကိုယ့်လယ်ကိုမထွန်ရဲကြဘူး၊ ကျွဲနွားမကျောင်းရဲကြဘူူး လူကိုမြင်ရင် အကုန်လုံးပစ်သတ်မယ်ဆိုပြီးပြောနေတာ’’
လုံခြုံရေးအခြေအနေအရ ရွာသားရဲ့အမည်ကို ထုတ်ဖော်ခြင်းမရှိတာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် မြောက်ဦး၊ မင်းပြားနဲ့ စစ်တွေမြို့တွေဆီ ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြရပြီး တချို့လည်း ရွာမှာမဖြစ် မနေ ပြန်လည်နေထိုင်ကြရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီကနေ့ညနေပိုင်းအချိန်အထိ ပန်းမြောင်းရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်မှုမရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
ပန်းမြောင်းရွာအနီးတဝိုက်မှာ AA တပ်တွေရှိနေလို့ ရွာထဲမှာတပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေရ တာဖြစ်ကာ ဒေသခံရွာသားတွေဟာလည်း AA ကို ထောက်ပံ့နေတာတွေရှိတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။
"ပန်းမြောင်းဆိုတဲ့ရွာက AA ရဲ့စပါးကျည်လို့ပြောလို့ရတယ်၊ ကျွန်တော်တို့က ဒီဟာတွေကို ထိန်းချုပ်ချင်လို့ တောင်ပေါ်မှာတပ်စွဲလိုက်တာပေါ့၊ ပန်းမြောင်းရဲ့အရှေ့ဘက်မှာ ပန်းမြောင်းတောင်တို့ တောင်တွေ အများ ကြီးပါပဲ၊ ဒီကောင်တွေပြန်ပြီးတော့မှ ယာယီစခန်းတွေ တွေ့ထားတာရှိတယ်၊ လိုအပ်ရင်လက်နက်ကြီးပစ်ကူနဲ့ တိုက်မှာလေ၊ ဒါကြောင့် ပန်းမြောင်းမှာ တပ်ကိုထားတာလေ၊ သူတို့ဒေသခံတွေ ဘာမှအန္တရာယ်မဖြစ်ဘူး၊ ကျွန်တော်တို့က တရားဝင်အဖွဲ့အစည်းဆိုတော့ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်အောင်မလုပ်ဘူး AA ကနေ ဒီမှာတိုက်ပွဲဖြစ်တော့မယ် နင်တို့မရွှေ့ဘူးလား မသွားဘူးလားဆိုပြီးတော့ အန္တရာယ်ပြုခြိမ်းခြောက်တာတစ် မျိုးပေါ့၊ အော်တဲ့သူတွေကလည်း ဒေသခံအစစ် မဟုတ်လောက်ဘူး၊ AA ကနေအော်ခိုင်းတာဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် ရွာသားအသွင်ယူပြီးတော့မှ အော်တာဖြစ်မယ်’’
ပန်းမြောင်းရွာသား အတော်များများကတော့ ရွာထဲမှာမနေရဲလို့ မင်းပြားမြို့ပေါ်ကို ထွက်ပြေးလာကြရသလို သူတို့နေထိုင်ရေးက အခက်အခဲဖြစ်နေကြရတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် က ပြောပါတယ်။
"တိုက်နယ်ဆေးရုံလည်း ပိတ်ထားရတယ်၊ ကျောင်းတွေလည်း အ မ က ရော အ ထ က ရော စာစစ်ဌာန အကုန်လုံး ပိတ်ထားရတယ်၊ ဒေသခံပြည်သူတွေနဲ့ ကျွန်တော်တို့ကတော့ လက်မှတ်တွေထိုးပြီးတော့ အစိုးရ အဖွဲ့ဝန်ကြီးချုပ်တို့ နယ်လုံဝန်ကြီးတို့ လွှတ်တော်ဥက္ကဋ္ဌတွေအကုန်လုံးကို ကျေးရွာရဲ့နယ်နိမိတ် အပြင်ဘက်မှာ ပစ်ဖို့ တောင်းဆိုထားတာရှိတယ်၊ ရွာအလယ်မှာပစ်တာတော့ ဘယ်လိုမှမခံစားနိုင်ဘူး၊ ဥပဒေနဲ့မသက်ဆိုင်တဲ့ သူတွေကို ဖော်ထုတ်ပြီးအရေးယူရမယ် ဒေသခံပြည်သူတွေ ဒုက္ခရောက်ပါစေဆိုပြီး ရွာအလယ်မှာတည်ပြီးတော့ နိုင်ငံတော်ကိုပုန်ကန်တဲ့သူတွေရှိလို့ ဒီဒေသမှာဘယ်သူမှမနေနိုင်အောင်လုပ်မယ်ဆိုပြီးတော့ သဘော သက်ရောက်နေတယ်၊ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုပိုင်ဆိုင်တဲ့ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်တွေ ကို ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံတော်မှာတာဝန်ရှိသလို တပ်မတော်မှာလည်း တာဝန်ရှိတယ်"
ပန်းမြောင်းရွာနဲ့ ၃ ကီလိုမီတာလောက်မှာ AA တပ်ဖွဲ့ဝင်တွေရှိနေတယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။
‘’ကျွန်တော်တို့တပ်တွေကတော့ ပန်းမြောင်းနဲ့ ၃ ကီလိုမီတာလောက်မှာရှိတယ်၊ ဗမာစစ်တပ်ကတော့ ပန်းမြောင်းကြီးရွာအလယ်က အောင်မင်္ဂလာတောင်မှာစခန်းချနေတယ်၊ အဲဒီကနေလက်နက်ကြီးနဲ့ နေ့တိုင်းပစ်နေတော့ ရွာသားတွေဒုက္ခရောက်တာပေါ့၊ ရခိုင်တပ်က ရခိုင်နေရာအနှံ့တော့ရှိနိုင်တာပေါ့၊ ရခိုင်လူမျိုးတွေက ရခိုင်တပ်ကို သူတို့ထောက်ခံတယ်ဆိုတဲ့ကိစ္စက ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး’’
ဒီရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေမဖြစ်ပွားဘဲ တည်ငြိမ်နေပေမယ့်လည်း ပန်းမြောင်းရွာထဲကနေ တပ်မတော်က ပစ်ခတ်တဲ့လက်နက်ကြီးတွေကတော့ နေ့တိုင်းပစ်နေတာလို့ ပြောကြပါတယ်။
(RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြသည်)