ကျောင်းဆရာကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်

0:00 / 0:00

မူလတန်းပြကျောင်းဆရာဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ဦးနေဇော်လင်းကို သြဂုတ်လ ၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် သရက်ပြင်တံတားအနီး လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်ပြီး ဒီနေ့မှာတော့ ဘူးသီးတောင်မြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ယူခဲ့ပါတယ်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒုရဲအုပ် စိုးကိုကို က တရားလိုလုပ်ပြီး အမှုဖွင့်တာလို့ တရားရုံးကို လိုက်ပါသွားတဲ့ ဘူးသီးတောင်မြို့နယ် လက်ထောက် မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင် က ပြောပါတယ်။

"မနေ့ကညနေ လေးနာရီ၊ ငါးနာရီခွဲလောက်ထင်တယ်။ နခခ ၃ကို လွဲှတယ်။ လွဲှပြီး ဒီနေ့ တရားရုံးကိုတင်တယ်၊ တင်ပြီး ချုပ်ရက်ရမန်ယူတယ်။ ပုဒ်မ ၅၀(က)၊ ၅၂(က)ရယ်၊ အကြမ်းဖက်လို့ ပြောတယ်"

တရားရုံးမှာ ဒီနေ့ သွားရောက်စောင့်ဆိုင်းခဲ့ပေမယ့် သားဖြစ်သူနဲ့ မတေ့ွခဲ့ရကြောင်း ဦးနေဇော်လင်း ရဲ့ဖခင်ဖြစ်သူ ဦးကျော်သန်း က ပြောပါတယ်။

"ကျွန်တော်တို့လည်း တေ့ွခွင့်ရမလားဆိုပြီး တရားရုံးမှာ စောင့်နေကြတယ်။ ၁၁ နာရီလောက်မှာ ရောက်လာတော့ တေ့ွခွင့်ရမလားမေးတော့ သူတို့က တွေ့ခွင့်မပေးဘူး။ ဘာလို့ တေ့ွခွင့်မပေးတာလဲဆိုတော့ ရမန်ယူနေတဲ့ကာလ ဖြစ်တဲ့အတွက် မိသားစုနဲ့ တေ့ွခွင့်မပေးဘူုးလို့ ပြောတယ်"

ဦးနေဇော်လင်းဟာ ရသေ့တောင်မြို့နယ် မညှင်းတောင်ကျေးရွာဇာတိဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာမူလွန်ကျောင်းမှာ တာဝန်ထမ်းဆောင်နေတာ သုံးနှစ်ခန့် ရှိပြီလို့ သိရပါတယ်။

သြဂုတ်လ ၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာကနေ ကြာညိုပြင်ရွာကို ပြန်လာစဉ်မှာ တပ်မတော်ရဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဖမ်းဆီးစစ်ဆေးရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က အခုလိုပြောပါတယ်။

"သူက ကျွန်တော်တို့ တပ်မတော်စစ်ကြောင်း လာနေတဲ့အချိန်မှာ ကျွန်တော်တို့က တေ့ွလိုက်တယ်။ သူ့ကို မသင်္ကာလို့ ဖမ်းပြီးစစ်ဆေးလိုက်တဲ့အခါမှာ သူ့ဖုန်းမက်စင်ဂျာထဲမှာ ပြောထားတဲ့ အချက်အလက်တွေရှိတာပေါ့။ အဲမှာတော့ စစ်ကြောင်းတစ်ကြောင်းဖြတ်သွားပြီ၊ အဲနားကို ဖြတ်သွားပြီလားလို့၊ ဘယ်စစ်ကြောင်းကတော့ ဘယ်ကိုရောက်နေပြီလို့ ပို့ထားတာတေ့ွတယ်။ အဲဒါကြောင့် ဆက်စပ်မှုရှိတာလား၊ ဘာရည်ရွယ်ချက်နဲ့ ပို့တာလဲဆိုတာ သိရအောင် လိုအပ်တဲ့ စစ်ဆေးမှုလုပ်နေတာ။ ရဲက စစ်လိုက်တဲ့အခါမှာ ခိုင်လုံတဲ့အထောက်အထားတစ်ခုခုရလို့ အမှုဖွင့်တာဖြစ်မယ်"

ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေ ရှိပေမယ့် အစိုးရဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရတာ ဒါ ပထမဆုံးဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုလဆန်းပိုင်းအထိ နှစ်ဘက်တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့ဝင်လို့ သံသယရှိသူ ၉ဝ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာရှိပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူက ရှစ်ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ တပ်မတော်က ဇွန်လအတွင်း သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ထားပေမယ့် ဒီကာလအတွင်း ဖမ်းဆီးခံရသူတွေ ထပ်တိုးနေပါတယ်ခင်ဗျာ။