စစ်ကောင်စီကြောင့် အာဆီယံရဲ့မစွက်ဖက်ရေးမူ အပြောင်းအလဲဖြစ်လာ

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2022.05.17
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီကြောင့် အာဆီယံရဲ့မစွက်ဖက်ရေးမူ အပြောင်းအလဲဖြစ်လာ ၂ဝ၂၂ ခုနှစ် မေလ ၁၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံမပါဝင်သည့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး။
Photo: AFP

၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်က စတင်တည်ထောင်တဲ့နောက် အနှစ် ၃၀ ပြည့်ခါနီး ၁၉၉၇ ဇူလိုင်ကမှ အဖွဲ့ဝင်နိုင်ငံဖြစ်လာတဲ့ မြန်မာနိုင်ငံကြောင့် တခြားနိုင်ငံပြည်တွင်းရေး ဝင်မစွက်ဖက်တဲ့ အာဆီယံရဲ့ မူဝါဒ တစ်မျိုးတစ်ဖုံ ဖြစ်ရပြီး ဝင်စွက်ဖက်တဲ့ နိုင်ငံက ဝင်စွက်ဖက်ရတဲ့ အနေအထား ရောက်လာပါတယ်။

ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းပြီး စစ်တပ်က ထပ်အာဏာသိမ်းပြီးတဲ့နောက် အာဆီယံဟာ တခြားနိုင်ငံပြည်တွင်းရေး ဝင်မစွက်ဖက်တဲ့မူ စွဲကိုင်နိုင်ခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းလိုက်ပြီးတဲ့နောက် မူအပြောင်းအလဲ ဖြစ်လာပါတယ်။

ဥပမာ- မြန်မာနိုင်ငံမှာ ၁ဝ နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်တဲ့ မလေးရှားနိုင်ငံဟာ စစ်ကောင်စီကို အသိအမှတ်မပြုဘူးလို့ ပြောကြားလိုက်တာမျိုးပဲ ဖြစ်ပါတယ်။ ဒါကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မေ ၁၄ ရက်က အလွတ်သဘော တွေ့ဆုံအပြီး သတင်းစာဆရာတွေနဲ့ တွေ့ဆုံချိန်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အတိအလင်းပြောကြားပါတယ်။

“နံပါတ်-တစ် ကျွန်တော်တို့ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုပါဘူး။ နံပါတ်-နှစ် NUG/NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကို ထိတွေ့ဆက်ဆံဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့က ဆုံးဖြတ်ချက် ချမှတ်ထားပါတယ်။ နံပါတ် သုံး မြန်မာပြည်သူတွေကို လူသားချင်း စာနာမှုအကူအညီတွေ ပေးရေး အတွက် ဦးစားပေးဆောင်ရွက်ပါမယ်”

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေက ဆိုးဝါးသထက် ဆိုးဝါးလာတာမို့ ဆယ်စုနှစ်တွေချီ စွဲကိုင်ခဲ့တဲ့ တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးမူကို အာဆီယံက ပြန်လည်သုံးသပ်သင့်ပြီလို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ၂၀၂၁ အောက်တိုဘာ ၂၁ ရက်မှာ ပြောကြားခဲ့တာကို ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

ဒါပေမဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ဟာ နိုင်ငံရေးအတိုက်အခံနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိနှိပ်သူမို့ ဒီပုတ်ထဲက ဒီပဲ ဆိုစကားအတိုင်း စစ်ကောင်စီနဲ့ အလွမ်းသင့်နေတာပါ။

ဒီလိုရှိပေမယ့် မြန်မာ့ပြဿနာ အဖြေရှာဖို့ အာဆီယံနိုင်ငံတွေ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကိုတော့ သဘောချင်းညီကြတယ်လို့ RFA ရုံးချုပ်မှာ မေ ၁၂ ရက်က လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကတော့ စစ်ကောင်စီက မီးစိမ်းမပြရင် ဘာမှမလုပ်ဘူးလို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။ ဒေါ်ဇင်မာအောင်ဟာ မေ ၁၂ နဲ့ ၁၃ ရက်က ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကျင်းပချိန်မှာ ဝါရှင်တန်ဒီစီကို ရောက်ရှိနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။

ဒီထိပ်သီးညီလာခံအပြီး ထုတ်ပြန်တဲ့ အချက် ၂၈ ချက်ပါ ပူးတွဲကြေညာချက်မှာ တခြားနိုင်ငံတွေအတွက် သီးခြားအပိုဒ် မပါဝင်ပေမယ့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပိုဒ်တပိုဒ်ကို ထူးထူးခြားခြား ဖော်ပြတာကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၄ ရက်မှာ ဝေဖန်ပါတယ်။ စာပိုဒ် ၂၆ မှာပါတဲ့ အသုံးအနှုန်းတွေဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ ပြောပါတယ်။

ပူးတွဲကြေညာချက်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့၊ နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတာပါ။

ကြေညာချက်မှာ ဘုံသဘောတူညီချက် ငါးရပ်ထက် ကျော်လွန်တောင်းဆိုတယ်လို့ စစ်ကောင်စီက ကန့်ကွက်ပေမယ့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Teuku Faizasyah ကတော့.... ဒီ ဘုံသဘောတူညီချက် ငါးချက်ဟာ အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ့ဆုံပြီး ထွက်ပေါ်လာတဲ့ ရလဒ်မို့ ဒါကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ထိပ်သီးညီလာခံကနေ တိုက်တွန်းတာက သဘာဝကျပါတယ်လို့ တုံ့ပြန်ပါတယ်။

အင်ဒိုနီးရှားဟာ အာဆီယံ စတင်ထူထောင်ချိန်က ပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ၁၉၆၇ သြဂုတ် ၈ ရက်တုန်းက အာဆီယံအဖွဲ့ စတည်ထူထောင်ချိန်မှာ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းလက်အောက် ဆိုရှယ်လစ်လမ်းစဉ် ဖော်ဆောင်တဲ့ တံခါးပိတ်ဝါဒ ကျင့်သုံးနေချိန် ဖြစ်ပါတယ်။

တံခါးဖွင့်ဝါဒနဲ့ ဈေးကွက်စီးပွားရေး ဖွင့်တယ်လို့ ကြေညာထားချိန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ၁၉၉၇ ဇူလိုင် ၂၃ မှာ မြန်မာနိုင်ငံက အာဆီယံ အဖွဲ့ဝင်ဖြစ်လာပြီး အခုအာဆီယံ အလှည့်ကျသဘာပတိ ကမ္ဘောဒီးယားနိုင်ငံက ၁၉၉၉ ခုနှစ် ဧပြီ ၃ဝ မှာ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါတယ်။

အာဆီယံ တည်ထောင်ရတဲ့ ရည်ရွယ်ချက်က စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေးနဲ့ တခြားနယ်ပယ်ရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အပြင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူအတိုင်း တရားမျှတရေးနဲ့ ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရာကတစ်ဆင့် ဒေသတွင်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး မြှင့်တင်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒေသတွင်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်အဖွဲ့ဝင်နိုင်ငံက ဆူးညှောင့်ခလုတ်ဖြစ်နေတာကို သိတဲ့ အာဆီယံနိုင်ငံအဖွဲ့ဝင်တချို့က တခြားနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်တဲ့ မူဝါဒကို မစွဲကိုင်တော့တာပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့