ချင်းပြည်နယ် ရိခေါဒါရ်မြို့မှာ တစ်မြို့လုံးနီးပါး ထွက်ပြေးရ

2022.03.10
ချင်းပြည်နယ် ရိခေါဒါရ်မြို့မှာ တစ်မြို့လုံးနီးပါး ထွက်ပြေးရ ချင်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများကြောင့် အိန္ဒိယနယ်စပ်သို့ ထွက်ပြေးလာသည့် ချင်းစစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ် မတ်လ ၅ ရက်နေ့က တွေ့ရစဥ်။
Photo: Citizen Journalist

အိန္ဒိယ - မြန်မာနယ်စပ် ချင်းပြည်နယ်မြောက်ပိုင်း ရိခေါဒါရ် မြို့လေးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ် (CDF) တို့ မတ်လ ၅ ရက်နေ့ကစလို့ နှစ်ဖက်အခြေအနေ တင်းမာ နေတဲ့အတွက် သုံးရက်အတွင်း လူဦးရေ တစ်ထောင်လောက် မြို့ကို စွန့်ခွာထွက်ပြေးသွား တယ်လို့ ဒေသခံတွေနဲ့ CDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကလည်း အဲဒီမြို့ကနေ လူဦးရေ တစ်ထောင်လောက် ထွက် ပြေးသွားပြီဖြစ်တဲ့အတွက် အခုဆိုရင် ထွက်ပြေးရတဲ့သူ စုစုပေါင်း လူနှစ်ထောင်လောက် ရှိပြီဖြစ်လို့  မြို့ပေါ်မှာ အိမ်ထောင်စု ၁၀ စုလောက်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

သူတို့အထဲက လူဦးရေ တစ်ထောင်လောက်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးသွားကြပြီး ကျန်တစ်ထောင်ကျော်ကတော့ အနီးအနားက  တောတောင်တွေထဲ မှာဖြစ်သလို ရှောင်တိမ်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီမှာ စစ်ရေးအခြေအနေ ပိုတင်းမာလာတာကြောင့် အရပ်သားတွေ ကြိုတင်တိမ်းရှောင် ကြဖို့ ချင်းပြည်နယ်ဒေသကာကွယ်ရေးတပ် (CDF) က မတ်လ ၇ ရက်နေ့က စာထုတ် သတိပေးထားတာကြောင့် တစ်မြို့လုံးနီးပါး ထွက်ပြေးနေကြတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

 “တစ်မြို့လုံး အကြီးအကျယ် ထွက်ပြေးကြတာက စစ်ဖြစ်လို့ မဟုတ်ဘဲနဲ့ စာထွက် လာလို့၊ စာထွက်လာတာက တစ်ပိုင်း၊ ဒုတိယတစ်ပိုင်းကျတော့ PDF ဘက်က မြို့ထဲမှာ နေရာယူထားလို့။ ပြည်သူ့စစ်သားတွေက မြို့ထဲမှာ နေရာယူတာက စိုးရိမ်လာတာပေါ့။ မြို့ထဲမှာ ပစ်ခတ်ကြမှာ လေယာဉ်တွေနဲ့ လာပစ်မလား။ အဲဒီလို စိုးရိမ်စိတ်ကြောင့် မြို့ထဲကနေ ထွက်ပြေးနေရတယ်”

တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေကြောင့် ဒေသခံတွေ ရိခေါဒါရ်မြို့ပေါ်ကနေ တိမ်းရှောင် ကြဖို့ ချင်းဒေသကာကွယ်ရေး ဟွာငိုရမ်အဖွဲ့ က မတ်လ ၇ ရက်နေ့က ထုတ်ပြန်ကြေညာပြီး တဲ့နောက်ပိုင်းမှာ အခုလို အရပ်သား တစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

ရိခေါဒါရ် မြို့ အမှတ် (၂) ရပ်ကွက်ရှိ တီအိုချောင်းအနီးမှာ ချင်းပြည်နယ် ဒေသကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မတ်လ ၅ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့တာ လို့လည်း သူက ဆိုပါတယ်။

"မြို့ထဲမှာ ပစ်ခတ်ကြမှာ လေယာဉ်တွေနဲ့ လာပစ်မလား။ အဲဒီလို စိုးရိမ်စိတ်ကြောင့် မြို့ထဲကနေ ထွက်ပြေးနေရတယ်”

မူလကတည်းက CDF တပ်ဖွဲ့လှုပ်ရှားနေတဲ့ ရိခေါဒါရ်မြို့ပေါ်ကို မတ်လ ၅ ရက်နေ့ကစလို့ စစ်တပ်က အယောက် ၃၀ လောက် ရုတ်တရက်ဝင်လာပြီး တပ်စွဲထားတာကြောင့် လူဦးရေ တစ်ထောင်လောက် ထွက်ပြေးသွားတာလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“တနင်္ဂနွေနေ့က နေစပြီး ရိခေါဒါရ် အမှတ်(၂) ရပ်ကွက် အားလုံးထွက်ပြေးနေတယ်။ အမှတ်(၂) ရပ်ကွက်မှာတော့ အိမ်ခြေ ၁၀၀၀ ကျော်ရှိတယ်။ စနေနေ့ မနက်ပိုင်း အမှတ်(၂) ရပ်ကွက်နားက စစ်ကောင်စီတပ်သား အယောက် ၃၀ ရောက်လာတယ်။ အဲဒီမှာပဲ တပ်စွဲနေလို့ CAN/CDF တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနေ့ကစပြီး စစ်ရှောင် နေရတာ။ မနေ့ကလည်း ထွက်ပြေးနေရတဲ့သူ ရှိနေဆဲပဲ၊ ရိခေါဒါရ် အမှတ်(၂) ရပ်ကွက်ကတော့ အိမ်တွေအားလုံး သော့ခတ်ပြီး ထွက်ပြေးနေတာ ဖြစ်ပါတယ်”

နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးသွားတဲ့ လူဦးရေ ၈၀၀ လောက်ဟာ မီဇိုရမ် ပြည်နယ်ဘက်မှာ နေစရာအခက်အခဲရှိတာကြောင့် နယ်စပ်မျဉ်း တစ်လျှောက်က တောထဲမှာပဲ ယာယီအမိုးအကာနဲ့ ခိုလှုံနေရကြောင်း အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ဦးက RFA ကို ပြောပြပါတယ်။

“အိမ်ငှားဖို့ မရတော့လို့ အိန္ဒိယနယ်စပ်တောထဲမှာ မိုးကာအမိုးနဲ့နေတယ်။ အဲဒီလို နယ်စပ်နားမှာ နေတဲ့ အိမ်ခြေကတော့ ၄၀ ကျော် ရှိတယ်။ လူဦးရေကတော့ ၈၀၀ ကျော်ရှိတယ်။ စားရေးသောက်ရေးကတော့ လောလောဆယ် အဆင်ပြေသေးတယ်၊ ကြာလာရင်တော့ ခက်ခဲလာနိုင်တယ်”

(မြန်မာ-အိန္ဒိယနယ်စပ်မှာ သွားလာနေသူတွေကို ၂၀၂၂ မတ်လ ၅ ရက်နေ့တွင် တွေ့ရစဥ်) Photo: CJ
(မြန်မာ-အိန္ဒိယနယ်စပ်မှာ သွားလာနေသူတွေကို ၂၀၂၂ မတ်လ ၅ ရက်နေ့တွင် တွေ့ရစဥ်) Photo: CJ

မတ်လ ၅ ရက်နေ့က တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့ပြီးတဲ့နောက် ဒီကနေ့ ရိခေါဒါရ်မြို့မှာ စစ်တပ်နဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေအကြား ပစ်ခတ်တာမျိုး မရှိသေးပေမယ့် နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေဆဲလို့ CNDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA  ကို ပြောပါတယ်။

“တိုက်ပွဲတော့ မရှိသေးဘူး။ ဒါပေမဲ့ ဘယ်ချိန်မဆို ဖြစ်လာနိုင်ဖွယ် ရှိတယ်။ အခုလော လောဆယ်လည်း ပစ်နိုင်ခတ်နိုင်တဲ့ အခြေအနေမှာရှိတယ်။ ပစ်ခတ်မှုက ပြောရမယ် ဆိုရင် ၅ ရက်နေ့က နှစ်ခါရှိတယ်။ ၇ ရက်နေ့က ကျွန်တော်တို့ သွားပစ်တာရှိမယ်။ သူတို့ လုံခြုံရေးနှစ်ယောက်ကို ကျွန်တော်တို့ CNDF က သွားပစ်တာရှိတယ်။ ဒါ့အပြင်တော့ သူတို့ ရမ်းသမ်းပစ်တာလောက်ပဲ ရှိမယ်။ သူတို့က ရိဒ်ခေါဒါမြို့ရဲ့ အမှတ် (၂) ရပ်ကွက် အဲဒီအပေါ်မှာ စခန်းချထားတာရှိတယ်။ မြို့အပေါ် တောင်ထိပ်လေးမှာ စခန်းချ ထားတာရှိတယ်။ မြို့နဲ့ နီးနီးလေးပဲ”

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ညနေပိုင်းအထိ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားတဲ့ ချင်းလူမျိုး လေးသောင်း လေးထောင်ကျော် ရှိနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။

“ကောက်ထားတဲ့ စာရင်းအရဆိုရင် လေးသောင်း လေးထောင်ကျော်လောက် ရှိတယ်။ အများဆုံးက အိုက်ဇောတစ်ဝိုက်မှာ၊ မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော်တစ်ဝိုက်မှာ တစ် သောင်း‌ လေးထောင်ကျော်လောက် ရှိတယ်။ တခြား နေရာတွေမှာကျတော့ ရှစ်ထောင်လောက်၊ လေးထောင်လောက် အဲဒီလိုပဲ ပျံ့နှံ့နေကြတယ်။ အိုက်ဇော တစ်ဝိုက်မှာတော့ အများဆုံးပဲ။ စာရင်းကောက်ထားတာထက် များမယ်ဆိုတာ သေချာတယ်”

စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ချင်းပြည်နယ်တစ်ခုလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေး ဒုက္ခသည် စုစုပေါင်း ခြောက်သောင်းကျော် ရှိနေပြီး  ဒါဟာ ချင်းပြည်နယ်လူဦးရေရဲ့  ၂၀ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့လည်း ချင်းလူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။