ချင်းပြည်နယ်မှာ မိုင်းကြောင့် ထိခိုက် သေဆုံးသူ ၄၄ ဦးရှိလာ

2022.05.24
ချင်းပြည်နယ်မှာ မိုင်းကြောင့် ထိခိုက် သေဆုံးသူ ၄၄ ဦးရှိလာ စစ်ကောင်စီတပ် ထောင်ခဲ့သည့် မိုင်းတစ်လုံးကို မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ကိုင်ပြသထားစဥ်
ဓာတ်ပုံ - မင်းတပ်CDF

ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေအတွင်း မြေမြှုပ် မိုင်း အသုံးပြုတာတွေကြောင့် ဒီနေ့အထိ သေဆုံးသူနဲ့ ဒဏ်ရာရသူ ၄၄ ဦးအထိ ရှိလာနေ တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ပြုစုထားတဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အရပ်သားတွေထဲမှာ သေဆုံးသူ ရှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၇ ဦးအထိရှိနေပြီး ကျန်တဲ့ သေဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရသူ ၁၉ ဦးကတော့ ချင်းဒေသကာကွယ်ရေးအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရတဲ့ အရပ်သားတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ လည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မင်းတပ်မြို့နယ်မှာနေထိုင်တဲ့ ဦးယောင်ငိုင်ဟာ အသက် လေးနှစ်အရွယ် သားလေးနဲ့အတူ စွန်တောင်ဘက်ကိုသွားတဲ့အခါ လမ်းမှာ မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဦးယောင်ငိုင်ရဲ့ ဇနီးက ပြောပါတယ်။

“ကျမယောက်ျားကတော့ စွန်တောင်ဘက်ကိုလာတဲ့လမ်း ၁၆ မိုင်မှာ မိုင်းနင်းမိတယ်။ ကလေးနဲ့ လာတာ။ ကလေးက လက်ချောင်း သုံးချောင်း ဖြတ်ရတယ်။ ဒဏ်ရာကိုတော့ ဆေးရုံမှာ တစ်လလောက် တက်ကုရတယ်။ ကျမယောက်ျားကတော့ မိုင်းနင်းတဲ့ နေရာ မှာ တွေ့တဲ့ ပြည်သူတစ်ယောက်က ဒေါက်တာအငြိမ်းကို ဖုန်းဆက်ပြီး ခေါ်သွားတယ်။ အိမ်ပြန်ရောက်လာတော့ အလောင်းပဲရောက်တော့တယ်”

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့တို့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေအတွင်း မိုင်းတွေကို အသုံးပြုလေ့ရှိကြတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

ဒါပေမဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေကတော့ သူတို့အနေနဲ့ အများပြည်သူ သွားလာ တဲ့နေရာတွေမှာ မိုင်းထောင်တာမျိုးမရှိဘူးလို့ မင်းတပ် CDF သတင်းပြန်ကြားရေးတာဝန်ခံ တစ်ဦးက ဆိုပါတယ်။

“ကျနော်တို့ ထောင်တဲ့ မိုင်းဟာ အန္တရာယ်ရှိမလာနိုင်ဘူး။ ကျနော်တို့က ဒီလမ်း၊ ဒီလမ်း တွေကို မသွားပါနဲဦး လို့ပြောထားတယ်။ သူတို့ မဆင်မခြင်သွားတာမျိုးဆိုရင်တော့ အန္တရာယ်ရှိတာပေါ့။ ကျနော်တို့ ခွင့်ပြုချက် မရဘဲနဲ့ သွားလို့မရဘူး။ ကျနော်တို့ မိုင်းရှင်းပြီးမှ သွားခွင့်ပြုတယ်။ အခုလည်း မင်းတပ် မတူပီလမ်းတွေကို မသွားခိုင်း သေးဘူး”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ မိုင်းတွေကိုအသုံးပြု တာဟာ စခန်းချတဲ့နေရာလုံခြုံရေးအတွက်သာ အသုံးပြုလေ့ရှိတယ်လို့ တုံ့ပြန်ပြောဆို ထားပါတယ်။ ဒီလို အသုံးပြုရာမှာလည်း ထောင်တဲ့မိုင်းတွေကို စနစ်တကျမှတ်ပုံတင်ပြီးမှ ဆောင်ရွက်တာလို့ ဆိုပါတယ်။

"လူတွေသာမကဘဲ အိမ်မွေးတိရစ္ဆာန်တွေပါ မိုင်းနင်းပြီးတော့ အများကြီး ဆုံးရှုံးခဲ့ရတာမျိုးရှိခဲ့တယ်"

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း ကတော့ မိုင်းတွေကိုအသုံးပြုတာဟာ နိုင်ငံတကာ စစ်ဥပဒေကို ချိုးဖောက်ရာရောက်တယ် လို့ ပြောပါတယ်။

“မိုင်းတွေဆိုလို့ရှိရင် စစ်ပွဲပြီးတာနဲ့ ပြဿနာက ပြီးသွားမှာမဟုတ်တော့တဲ့အတွက် ကြောင့် အချိန်ယူပြီးတော့ မိုင်းရှင်းလင်းဖို့ မနည်းလုပ်ရမယ့်လုပ်ငန်း ဖြစ်‌နေပါတယ်။ အခုစစ်တပ်က ထောင်ထားတဲ့မိုင်းတွေဟာ ချင်းပြည်နယ် ကိုးမြို့နယ်အနီးအနား တစ်ဝိုက်မှာ၊ မြို့ပြင်ဘက်မှာ မိုင်းတွေ ထောင်ထားတာ တွေ့ရတယ်။ အထူးသဖြင့် မတူပီဒေသမှာဆိုလို့ရှိရင် လူတွေသာမကဘဲ အိမ်မွေးတိရစ္ဆာန်တွေပါ မိုင်းနင်းပြီးတော့ အများကြီး ဆုံးရှုံးခဲ့ရတာမျိုး ရှိခဲ့တယ်။ အဲ့တော့ စစ်တပ်ဘက်မှာ တာဝန်အများကြီး ရှိပါတယ်”

ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ချင်းပြည်နယ် ရှေ့တန်းတစ်နေရာမှာ မိုင်းထိပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့သည့် CDF  မတူပီ တပ်ဖွဲဝင်တစ်ဦး၏ မင်္ဂလာပွဲကို ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်နေ့မှာ ကျင်းပခဲ့စဥ် (Photo: CJ)
ချင်းပြည်နယ် ရှေ့တန်းတစ်နေရာမှာ မိုင်းထိပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့သည့် CDF မတူပီ တပ်ဖွဲဝင်တစ်ဦး၏ မင်္ဂလာပွဲကို ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်နေ့မှာ ကျင်းပခဲ့စဥ် (Photo: CJ)

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်အတွင်း ကျေးရွာပေါင်း ၃၀၀ ကျော်က လူပေါင်း တစ်သိန်းကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေး နေရသလို အာဏာသိမ်းတစ်နှစ်ကျော်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားတွေဟာလည်း ၂၀၀ နီးပါးရှိနေတယ်လို့ ဒေသခံအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ မေလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံတစ်ဝန်းမှာ မိုင်းပေါက်ကွဲ မှုပေါင်း ၅၄ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၂၀ ဦးနဲ့ ဒဏ်ရာရသူ ၈၀ ဦးအထိ ရှိခဲ့တယ်လို့ ဆို ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။