မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်တွေ တရုတ်က မီးခိုးဗုံးသုံးပြီး နှင်ထုတ်
2023.11.25
တရုတ်-မြန်မာနယ်စပ်ခြံစည်းရိုးမှာ တရုတ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာဘက်အခြမ်းက ဒေသခံတွေကြား အချေအတင် စကားပြောနေကြတာပါ။
ခဏအကြာမှာတော့ နယ်စပ်မျဉ်းမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဒုက္ခသည်တွေကြားထဲ မီးခိုးဗုံးတွေကျလာလို့ ငိုယိုထွက်ပြေးကြတဲ့ ကလေးငယ်တွေနဲ့ လူကြီးတွေက မီးခိုးဗုံးတွေကို ငြှိမ်းနေကြတဲ့ မြင်ကွင်းတွေကို တွေ့ရပါတယ်။
ဒါကတော့ နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ တရုတ်-မြန်မာနယ်စပ်၊ လောက်ကိုင်မြို့အနီး နယ်စပ် ခြံစည်းရိုးမျဉ်း BP-127 မှာ ဖြစ်ခဲ့တာပါ။
ကိုးကန့်တပ်မတော် MNDAA နဲ့ စစ်ကောင်စီတို့အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေတဲ့ စစ်ဘေး ဒုက္ခသည်တွေကို နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ တရုတ်ဘက်က မျက်ရည်ယိုဗုံး (မီးခိုးဗုံး) အသုံးပြုပြီး နှင်ထုတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောက်ကိုင်မြို့ခံတစ်ဦးက နယ်စပ်မျဉ်းမှာ သွားရောက်ခိုလှုံ နေကြသူတွေဟာ ကိုးကန့်တိုင်းရင်းသားတွေ ဖြစ်တယ်လို့ ပြောပါတယ်။
“BP-127 မှာ စစ်ဘေးရှောင်နေတဲ့ ကိုးကန့်တိုင်းရင်းသားတွေကို တရုတ်ရဲတွေ၊ တရုတ်စစ်သားတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး ထွက်သွားဖို့ ခြောက်လှန့်ခဲ့တာ။ ဒီနေ့နေ့လယ်လောက်က အဲ့ဒီလို လုပ်ခဲ့တာပါ။ နယ်စပ်ခြံစည်းရိုးနားကို ရောက်နေတဲ့ လူဦးရေအတိအကျတော့ မသိဘူး။ ဒီရက်ပိုင်းမှာပဲ တိုက်ပွဲတွေဖြစ်လို့ 127 မှာသွားပြီး ပုန်းနေကြတာ”
ရှမ်းပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေဖြစ်တဲ့ ရွှေဖီမြေ၊ ကျိုင်းတုံဟစ်တိုင်ရဲ့ ဖေ့ဘွတ်စာမျက်နှာတွေမှာလည်း နိုဝင်ဘာလ ၂၅ ရက်နေ့က နယ်စပ်မျဉ်းမှာ ဒုက္ခသည်တွေ မီးခိုးဗုံးနဲ့ တိုက်ခိုက်ခံရတာဟာ တရုတ်ရဲတပ်ဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။
တရုတ်ရဲနဲ့ စစ်သားတွေက မျက်ရည်ယိုဗုံးအသုံးပြုတိုက်ခိုက်ခဲ့တယ်ဆိုပြီး ဒေသခံတွေနဲ့ ဒေသတွင်း မီဒီယာတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ တရုတ်အစိုးရဘက်က တုံ့ပြန်ချက်ကို ရဖို့လည်း ကြိုးစားနေဆဲဖြစ်ပါတယ်။
တရုတ်ဘက်က မျက်ရည်ယိုဗုံးအသုံးပြုခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ကိုးကန့်တပ်မတော် MNDAA ရဲ့ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကိုမေးမြန်းရာမှာ ဆိုရှယ်မီဒီယာတွေမှာ တက်လာတဲ့ ဗီဒီယိုတွေကို တွေ့ရကြောင်းနဲ့ အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။
“ကျွန်တော်တို့လည်း ဗီဒီယိုတွေပဲတွေ့ရတာပါ။ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးခင်ဗျ။ တိုက်ပွဲတော့မရှိဘူး BP-125 တစ်ဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတွေက ကြောက်ပြီး အဲ့ဒီဘက်ကို ရှောင်ရတာလို့ ကြားရပါတယ်။”
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ရဲ့ သတင်းမီဒီယာဖြစ်တဲ့ ကိုးကန့်သတင်းမှာတော့ တိုက်ပွဲတွေ ကြောင့် BP-125 စစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည် သုံးသောင်းအထိ ရှိလာတယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဖော်ပြထားပါတယ်။
ဒုက္ခသည်တွေ မီးခိုးဗုံးအသုံးပြုတိုက်ခိုက်ခံရတဲ့ နေ့မှာပဲ တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ဘက်က စစ်ရေးလေ့ကျင်မှုတွေ စတင်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
တရုတ်-မြန်မာနယ်စပ်အနီး တရုတ်နိုင်ငံရဲ့ တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလေ့ကျင်မယ့်အကြောင်း တရုတ်နိုင်ငံဘက်က အကြောင်းကြားထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ တရုတ်ဘက်က ပုံမှန်စစ်ရေးလေ့ကျင့်မှုသာ ဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကတဆင့် ပြောလိုက်ပါတယ်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တရုတ်-မြန်မာနယ်စပ်မှာလုပ်မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံဘက်ကို အကြောင်းကြားလာပါတယ်”
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်အကြားတရုတ်-မြန်မာနယ်စပ်တစ်လျှောက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေချိန်မှာပဲ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေ စတင်လာတာဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီတပ်နဲ့အတူ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လက်တွဲဆောင်ရွက်မှာဖြစ်ပြီး တရုတ်ရေတပ် စစ်သင်္ဘောတွေလည်း မြန်မာနိုင်ငံကို မကြာခင်လာရောက်ဖို့ ရှိနေတယ်လို့ စစ်ကောင်စီပြောခွင့်ရက ဆိုပါတယ်။
ဒီမတိုင်ခင်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ် ဒုတိယဌာနချုပ်မှူး Vice Admiral Liu Zizhu ဟာ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ စက်တင်ဘာလ ထဲ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
နယ်စပ်မျဉ်းက ဒုက္ခသည်တွေကို တရုတ်ဘက်က မီးခိုးဗုံးအသုံးပြုတိုက်ခိုက်ခဲ့တယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။