တရုတ်နဲ့ ထိုင်းကြောင့် စွမ်းအင်ကဏ္ဍကနေ စစ်ကောင်စီ ဝင်ငွေဆက်ရနေ

2022.11.21
Share on WhatsApp
Share on WhatsApp
တရုတ်နဲ့ ထိုင်းကြောင့် စွမ်းအင်ကဏ္ဍကနေ စစ်ကောင်စီ ဝင်ငွေဆက်ရနေ သဘာဝဓာတ်ငွေ့စီမံကိန်းကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများ ပြန်လည်ပြုပြင်ပေးရန် တရုတ် CNPC ကုမ္ပဏီကို ကျောက်ဖြူမြို့ ဒေသခံများ ဆန္ဒပြခဲ့ကြစဉ်။
Photo: KRDA/ Facebook

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက် နေ့အထိ စစ်ကောင်စီဟာ စွမ်းအင်ကဏ္ဍကနေ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်ငွေ အများဆုံးရရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု (ISP- Myanmar) က နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီကာလအတွင်း စွမ်းအင်ကဏ္ဍကို ဝင်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၃.၈ ဘီလီယံ ကျော်ရှိခဲ့ပြီး ဒါဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏရဲ့ ၆၈ ရာခိုင်နှုန်းနီးပါးအထိ ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ရရှိတဲ့အချက်တွေကို ကိုးကားပြီး ISP-Myanmar က စာရင်းပြုစုထားတာပါ။

"ဂုဏ်သိက္ခာရှိတဲ့ သမာသမတ်ကျတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေကတော့ ဒီအချိန်လိုမျိုးမှာ လာဖို့တော့ ခဲယဉ်းပါတယ်”

ဒီစာရင်းဟာ ပြန်ထွက်သွားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မပြဘဲ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှု ကိုသာ ဖော်ပြထားတဲ့ စစ်ကောင်စီရဲ့ မမှန်ကန်တဲ့ စာရင်းသာဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ဝေဖန်ပါတယ်။

 “ဆိုလိုတာကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်နေတယ်လို့ ဂဏန်းနဲ့ ပြောနေတာထက် အဲဒီ ဂဏန်းတွေရဲ့ နောက်ကွယ်ကဖြစ်စဉ်တွေက  ဟိုဘက်က ငွေတစ်ဘီယံ ထွက်သွားတဲ့အချိန်မှာ ဒီဘက်က တစ်ဘီလီယံ ပြန်ထည့်လိုက်တာကိုး၊ အဲဒီထွက်သွားတာကိုတော့ သူတို့ထည့် မတွက်ဘဲနဲ့ ဝင်လာတာကိုပဲ ပြနေတာဖြစ်ပြီး တော့ တကယ့်တကယ် ငွေပမာဏရောက်လာတယ်လို့တော့ ကျနော်တို့က မမြင်ပါဘူး“

NUG အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေရပေါက်တွေကို ဖြတ်တောက်နိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နည်းလမ်းမျိုးစုံနဲ့ ဆက်ကြိုးစားသွားမယ်လို့  ဦးစိုးသူရထွန်း က ပြောပါတယ်။

စစ်တပ် အာဏာသိမ်းထားချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာတယ်ဆိုရင် ဒါဟာ ဂုဏ်သိက္ခာရှိပြီး  သမာသမတ်ကျတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးမဟုတ်ဘူးလို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုရဲ က ပြောပါတယ်။

“အခုရင်းနှီးမြှုပ်နှံမှုတွေ ဝင်တယ်ဆိုတာကတော့လည်း ဝင်မှာပေါ့ဗျာ။ ဒါပေမဲ့ တစ်ချက် ကျနော့် အမြင်သဘောထားကတော့ လက်ရှိ ကျနော်တို့လိုမျိုးနိုင်ငံမှာ မြန်မာနိုင်ငံလိုမျိုး အခြေအနေမှာ ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှု အခုလိုအချိန်မျိုးမှာ ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှု သည် ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ နည်းပါးတယ်။ နောက် အခုလိုမျိုး ပွဲလန့်တုန်း ဖျာခင်းဖို့၊ တောမီးလောင်တဲ့အချိန်မှာ တောကြောင်လက်ခမောင်းခတ်ဖို့ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေပဲ များဖို့ရှိတယ်။ ဂုဏ်သိက္ခာရှိတဲ့ သမာသမတ်ကျတဲ့ ရင်းနှီး မြှုပ်နှံမှုမျိုးတွေကတော့ ဒီအချိန်လိုမျိုးမှာ လာဖို့တော့ ခဲယဉ်းပါတယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ”

၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီရရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ပြည်တွင်းမှာ အသုံးပြုဖို့ လိုအပ်တဲ့ စက်သုံးဆီ၊ လေယာဉ်ဆီနဲ့ တခြား လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွေမှာ ရင်းနှီး မြှုပ်နှံမှု ဝင်ရောက်လာတာ ဖြစ်နိုင်တယ်လို့ ကိုရဲက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ ၅၀ ရာခိုင်နှုန်းကို စွမ်းအင်နဲ့ ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကနေ ရရှိနေတယ်လို့ NUG နဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့လို အရပ်ဘက်အဖွဲ့ အစည်းတွေက ပြောပါတယ်။

အဲဒီငွေတွေနဲ့ စစ်လက်နက်ဝယ်ယူပြီး ပြည်သူကို ဖိနှိပ်သတ်ဖြတ်မှုနေတာကြောင့် အဲဒီ အခွန်ငွေတွေကို ဖြတ်တောက်နိုင်ဖို့ NUG နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုးစားနေပေ မယ့် အပြည့်အဝ မအောင်မြင်သေးပါဘူး။

ဒါပေမဲ့ အနောက်နိုင်ငံအစိုးရတွေနဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေရဲ့ ကြိုးစားမှု ကြောင့် စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ ပြန်ထွက်သွားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အနည်းဆုံး ၁၄ ခုထိ ရှိပါ တယ်။ အဲဒီထဲမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံနေတဲ့ အမေရိကန်ရှက်ဗရွန်၊ ပြင်သစ် တိုတယ်လ်နဲ့ မလေးရှား Petronas တို့ ပါဝင်ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကုမ္ပဏီတွေ ပြန်ထွက်လို့ လုပ်ငန်း တချို့ ယာယီရပ်နားသွားပေမယ့် မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရုရှားက မကြာခင် ဝင်ရောက်လာလိမ့်မယ်လို့ ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့က RFA ကို ပြောခဲ့ပါတယ်။

image.jpg
ထိုင်း PTTEP ရေနံကုမ္ပဏီ၏ ရန်ကုန်ရုံးကို တွေ့ရစဥ်။ (Photo: PTTEP)

လက်ရှိမှာ ထိုင်းနိုင်ငံက PTTEP၊ တောင်ကိုရီးယား POSCO၊ အိန္ဒိယ ONGC၊ ဂျပန် Nippon Oil ကုမ္ပဏီနဲ့ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီတွေဟာ မြန်မာ့စွမ်းအင်ကဏ္ဍမှာ ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့နေပေမယ့် တရုတ်၊ ရုရှားနဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံ တချို့က ဆက်ပြီးရင်းနှီးမြှုပ်နှံနေတာကြောင့် စစ်ကောင်စီ ဝင်ငွေဆက်ရနေတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

“အခု စစ်အစိုးရ တက်လာပြီးတဲ့နောက်ပိုင်းမှာ အနောက်နိုင်ငံတွေပေါ့နော်၊ အမေရိကန်တို့၊ ဒီ အီးယူနိုင်ငံတွေ အဲဒီနိုင်ငံတွေကတော့ ရင်းနှီးမြှုပ်နှံမှုက သိပ်ထူးထူးခြားခြား ရှိမှာမဟုတ်ဘူး။ သူတို့ မဝင်လောက်ဘူး။ ဒါပေမဲ့ ဘယ်သူတွေ ဝင်နိုင်လဲဆိုတော့ အာဆီယံနိုင်ငံတချို့ ဝင်နိုင်တယ်။ ရုရှား ဝင်နိုင်တယ်။ တရုတ် ဝင်နိုင်တယ်။ ဆိုတော့ အဲဒီဟာတွေကြောင့်လည်းပဲ ဒီရင်းနှီးမြှုပ်နှံမှုက ရကောင်းရနိုင် တာပေါ့နော်။ အဲဒါကတော့ ရုရှားတို့၊ တရုတ်တို့နဲ့ ပတ်သက်လို့ကတော့ NUG က သိပ်ပြီးတော့ ထိထိရောက် ရောက်မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က စစ်ကောင်စီဘက်က ရပ်တည်တဲ့ နိုင်ငံတွေကိုး”

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ စင်္ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံမှု အများဆုံး နိုင်ငံတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ  အိမ်နီးချင်းကောင်းမရှိတဲ့အတွက် ထွက်သွားတဲ့ အနောက်နိုင်ငံ ကုမ္ပဏီတွေနေရာမှာ ကိုယ်ကျိုး ကြည့်တဲ့ အိမ်နီးချင်းနိုင်ငံတွေက ဆက်ပြီးရင်းနှီးမြှုပ်နှံနေတာကြောင့် စစ်ကောင်စီက ဝင်ငွေဆက်ရနေတာလို့ လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ကျနော်တို့ ဗမာပြည်အနေနဲ့က အိမ်နီးချင်းကောင်းတွေနဲ့ ကျနော်တို့က ဆက်စပ် လုပ်ကိုင်နေတာ မဟုတ်ဘဲနဲ့ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက် အဓိကထားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကျနော်တို့ ဆက်စပ်လုပ်ကိုင် နေရတာဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် အနောက်တိုင်းက ကျနော်တို့ ရှက်ဗရွန်တို့၊ တိုတယ်လ်တို့ ဆိုတဲ့ ကုမ္ပဏီတွေ ထွက်သွားတယ်၊ ထွက်သွားပေမယ့် အဲဒီကုမ္ပဏီတွေ ထွက်သွားတဲ့ နေရာတွေမှာ ထိုင်း ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ဆိုင်ရာလုပ်ငန်း ကုမ္ပဏီတွေဟာ အစားထိုး ဝင်ရောက်လုပ်ကိုင် နေတာ ဖြစ်ပါတယ်”

မြန်မာပြည်မှာဖြစ်နေတဲ့ ပြည်သူလူထုရဲ့ အကျပ်အတည်းကို အခွင့်ရေးယူပြီး ကိုယ့်အကျိုး စီးပွားသာ ကြည့်တဲ့ တရုတ်နဲ့ ထိုင်းလို နိုင်ငံတွေကြောင့် ဒီမိုကရေစီအင်အားစုတွေရဲ့ ပိတ်ဆို့တားဆီးမှုတွေဟာ မအောင်မမြင် ဖြစ်နေ ရတာလို့ ဦးသန်းစိုးနိုင် က ပြောပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ထိုင်းနိုင်ငံက PTTEP ကုမ္ပဏီတို့ဟာ အမေရိကန်ဒေါ်လာ ၇၂  သန်းခန့် တန်ဖိုးရှိတဲ့ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း၊ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းနဲ့ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတို့ကို ပူးတွဲလုပ်ကိုင် ဖို့ ၂၀၁၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က လက်မှတ်ရေးထိုး သဘောတူထား ခဲ့တာပါ။

သွေးစွန်းငွေဖြတ် တောက်ရေးအဖွဲ့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် APEC အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ထိုင်းအစိုးရကို မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်မလုပ်ဘဲ ရပ်တန့်ဖို့ နိုဝင်ဘာ ၁၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။