တပ်ပေါင်းစုတွေညီညွတ်ကြဖို့ ဗကသ ကျောင်းသားတွေတိုက်တွန်း

RFA Burmese
2024.02.25
တပ်ပေါင်းစုတွေညီညွတ်ကြဖို့ ဗကသ ကျောင်းသားတွေတိုက်တွန်း စစ်အာဏာရှင်ကို တော်လှန်ရင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က သေဆုံးခဲ့သည့် ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုညီမင်းသူ။
Photo: RFA

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ ချုပ်) ဥက္ကဋ္ဌ ကိုညီမင်းသူဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က သေဆုံးခဲ့ရပါတယ်။ သူသေဆုံးတဲ့ နှစ်နှစ်ပြည့် အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာကျင်းပချိန်မှာ ညီညွတ်ကြဖို့ ဗကသ ကျောင်းသားတွေက တိုက်တွန်းလိုက်ပါတယ်။

ဗကသ ကျောင်းသားတွေ ခိုလှုံနေတဲ့ ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ်က အိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းချိန်မှာ ကိုညီမင်းသူ ပစ်သတ်ခံခဲ့ရပြီး သူ့အလောင်းကိုလည်း မိသားစုဝင်တွေမရလိုက်ကြပါဘူး။

အခမ်းအနားမှာ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးမှာ ရပ်တည်ချက်ခိုင်မာဖို့ ဗကသ ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုအောင်စစ်ပိုင်က တိုက်တွန်းပါတယ်။

"ဖိနှိပ်မှုတွေ၊ အမြတ်ထုတ်မှုတွေ၊ ဂုတ်သွေးစုပ်မှုတွေဟာ ကျွန်တော်တို့တိုင်းပြည်က ခေတ်အဆက်ဆက် လည်း ဒီလိုပါပဲ။ ဒီလိုအောက်မှာပဲ အမြဲတမ်း ငြိမ်ဝပ်ပိပြားနေရတဲ့အခြေအနေမှာ ဒီအတိုင်းပဲ ကျွန်တော်တို့ ဆက်သွားမလား ဒါမှမဟုတ် အမြစ်ပြတ်တော်လှန်မလား ဒီလိုပဲရွေးချယ်ရမယ်၊ ဒီလိုရွေးချယ်တဲ့၊ ကိုယ်ရွေးချယ်မှုကိုလည်း ကိုယ့်ရဲ့ရပ်တည်ချက် ခိုင်မာဖို့လိုတယ်’’

အာဏာသိမ်း သုံးနှစ်အတွင်း စစ်တပ်လက်ချက်နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သား ၄၅၀၀ ကျော် (၄၅၈၁) သေဆုံးခဲ့ရပြီး နှစ်သောင်းခြောက်ကျော် ဖမ်းဆီးခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ကိုညီမင်းသူလို အသက်ပေးလိုက်ရသူတွေကို လေးစားရင် တော်လှန်ရေးမှာ တပ်ပေါင်းစုတွေ ညီညွတ်ကြပါလို့ ဗကသ ကျောင်းသားဟောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။

"တော်လှန်ရေးအောင်မြင်ဖို့အတွက် ဒီလိုပွဲမျိုးဆိုတာ ရှေ့ကပေးဆပ်သွားတဲ့သူတွေက စစ်ကောင်စီနဲ့ ဒီ စစ်အာဏာရှင်စနစ်ကို မြန်မာပြည်မှာ အပြီးပိုင်ချုပ်ငြိမ်းဖို့အတွက် ပေးဆပ်သွားတာ၊ အဲဒါကို ကျွန်တော်တို့က Remind လုပ် (သတိပေး)တာပဲ ဖြစ်တယ်။ သူတို့ကို စာနာရင် သူတို့ကိုချစ်ရင် သူတို့ကိုလေးစားရင် သူတို့ပေး ဆပ်မှုတွေကို အသိအမှတ်ပြုတယ်ဆိုရင် ကျွန်တော်တို့သည်လည်း နေ့မြင်ညပျောက်ဒီလိုအခြေအနေမှာ တစ်ယောက်နဲ့တစ်ယောက် ပြဿနာမတက်ဘဲ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်ရဲ့အတ္တတွေကို နောက်ပို့ပြီး တော်လှန်ရေးအကျိုးစီးပွားကို ရှေ့ပို့ပြီး တပ်ပေါင်းစုဖွဲ့ပြီးတော့ သူတို့လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင် လှမ်းနိုင်ဖို့ပဲဖြစ်ပါတယ်။"

ပြည်သူတွေဆီက ထောက်ခံမှုအပြည့်ရတဲ့ ဒီအချိန်မှာ တော်လှန်ရေးအတွက် အချိန်ကောင်းပဲလို့ အထက်မြန်မာပြည် ဗကသကျောင်းသားဟောင်း ကိုအောင်မှိုင်းဆန်းကလည်း ဆိုပါတယ်။

"စစ်အာဏာရှင်စနစ်ကိတိုက်ဖျက်ဖို့အတွက် လက်ရှိအချိန်ကအကောင်းဆုံးအခြေအနေပဲ၊ ပြည်သူလူထုရဲ့နိုးကြားမှု၊ ပြည်သူလူထုရဲ့ နိုင်ငံရေးရင့်ကျက်မှုက ဒီအချိန်မှာအမြင့်ဆုံးပဲ၊ နောက်တစ်ခုက တော်လှန်ရေးအပေါ်မှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကလဲ ကျွန်တော်တို့ ဖြတ်သန်းဖူးသလောက် လေ့လာခဲ့သလောက်ဆိုရင် ခေတ်အဆက်ဆက်မှာ ဒီအခြေအနေဟာ အကောင်းဆုံးအနေအထားရှိတယ်။ ပိုပြီးတော့ အကောင်းဆုံးအနေအထားက ခေတ်အဆက်ဆက်တက်လာတဲ့ ဒီရန်သူစစ်အာဏာရှင်ခေါင်းဆောင်တွေထဲမှာ လက်ရှိဗိုလ်မင်းအောင်လှိုင်ခေါင်းဆောင်မှုက တကယ့်ကိုအညံ့ဆုံးနဲ့ တကယ့်ကိုအပြင်းအထန် အရက်စက်ဆုံးဖြစ်တဲ့အနေအထားကလည်း အခွင့်အလမ်းကောင်းတစ်ရပ်ပဲပေါ့နော်’’

အခမ်းအနားမှာ ဆရာတော် ဦးဝါယမကလည်း အာဏာရှင် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

"ဗကသ ညီမင်းသူ ကျဆုံးသွားတဲ့ဒီပွဲလေးမှာ ဒီအခမ်းအနားမှာ ဂုဏ်ပြုစကားပြောချင်တာက အနီရောင် သည် ပညာကို ကိုယ်စားပြုပြီး အဝါရောင်သည် အများကောင်းကျိုးကို လိုလားခြင်းနဲ့ အများရဲ့ဒုက္ခလွတ် အောင် ဘဝပေးကြိုးစားခြင်းနဲ့ ကိုယ့်ခံစားမှုကိုစွန့်လွှတ်ခြင်းဆိုတဲ့အပေါ်မှာ အဝါရောင်က ကိုယ်စားပြု နေတယ်။ ဒါကြောင့်မို့လို့ အနီရောင်နဲ့ အဝါရောင်ကိုမြင်တိုင်း ပညာနဲ့ဆင်ခြင်ဉာဏ်သတ္တိကို မွေးဖွားနိုင်ပါ စေ၊ မြင့်မြတ်ခြင်းအတွက် ကိုယ့်ကိုယ်ကျိုး စွန့်လွှတ်ပြီးတော့မှ သတ္တိရှိရှိ မြင့်မြတ်တဲ့နှလုံးသားတွေနဲ့ ဆက်လက်ပြီးတော့အာဏာရှင်ကျဆုံးသည်အထိ တိုက်ပွဲဝင်ဆောင်ရွက်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေလို့ပြောရင်းဆန္ဒပြုပါတယ်၊ ညီမင်းသူကိုလည်း အားလုံးကိုလည်း ဂုဏ်ပြုစကားပြောကြားအပ်ပါတယ်"

အဲဒီအခမ်းအနားကို အထွေထွေသပိတ်ကော်မတီ GSC၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS နဲ့ Sister to Sister စတဲ့ အဖွဲ့အစည်းအသီးသီးတို့က ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။