နိုင်ငံတကာ ဖိအားပေးမှုတွေကြားက စစ်ခေါင်းဆောင်တွေရဲ့ အကျပ်အတည်း

2021-10-28
Share
နိုင်ငံတကာ ဖိအားပေးမှုတွေကြားက စစ်ခေါင်းဆောင်တွေရဲ့ အကျပ်အတည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ၂၀၂၁၊ ဇွန် ၂၃ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေး အစည်းအဝေးမှာ တွေ့ရစဉ်
Photo: AFP

ကုလသမဂ္ဂ၊ ဥရောပ၊ အမေရိကန်နဲ့ အိမ်နီးချင်း တရုတ်နိုင်ငံလို အင်အားကြီး နိုင်ငံတွေက စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အရေးယူ ဖိအားပေး လုပ်ဆောင်တာတွေက ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။

အိမ်နီးချင်း တရုတ်နဲ့ အာဆီယံတို့ဟာ စစ်အစိုးရ အုပ်စိုးစဉ်က အရင်က ညင်သာတဲ့ နည်းလမ်းနဲ့ ဆက်ဆံ ခဲ့ပါတယ်။ ခုချိန်မှာတော့ နိုင်ငံတကာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်မခံတော့ဘဲ စစ်ကောင်စီ အပေါ် ဖိအားပေး အရေးယူမှုတွေကြောင့် စစ်ကောင်စီဟာ မိတ်ဖက်မရှိ တဖြည်းဖြည်း အကျပ်အတည်း ဆိုက်လာနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ထောက်တိုင်တွေကို ဆက်ပြီးအရေးယူလာနိုင်သေးတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ နစ်ကီဒိုင်းမွန်းက သုံးသပ်ပါတယ်။

"အာဆီယံဟာ လုပ်ချင်တိုင်း လုပ်လို့ရမယ်ဆိုတဲ့ သူတို့အရင်တုန်းက ပုံစံအတိုင်းပဲ တွေးထင်ထားတယ်။ ကမ္ဘာကြီးရဲ့ အနေအထား အာဆီယံရဲ့အနေအထားက ပြောင်းသွားပြီ။ လူ့အခွင့်အရေး ချိုးဖောက်ပြီးတော့ ရက်ရက်စက်စက် အကြမ်းဖက်တဲ့ စကစကို သူတို့ နေရာမပေးဘူးပေါ့။ ခုမှဒါ ပထမဦးဆုံး ခြေလှမ်းပဲ ရှိသေးတယ်။ အမေရိကန်ဆိုရင် စင်္ကာပူ အနောက်နိုင်ငံတွေနဲ့ ပေါင်းပြီးတော့ စစ်ကောင်စီ နဲ့ ခရိုနီတွေ အပါအဝင် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဘဏ္ဍာရေးလမ်းကြောင်းတွေ ဖြတ်တောက်ဖို့ ကြိုးစားနေတယ် UN တို့ EU တို့က သူတို့ အာဏာသိမ်းမှုတွေကို အသိအမှတ် မပြုဘူးဆိုတာ ဖြစ်လာမယ်။ ပြီးရင် ကမ္ဘာကြီး က NUG ကို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပေါ်ပေါက်လာတဲ့ အစိုးရဆိုပြီး စစ်တပ်ကို ပြည်တွင်း မှာရော ပြည်ပမှာပါ အနိုင်ရမယ့်လမ်းစ မြင်နေရပါပြီ’’

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း စစ်ကောင်စီဘက်က ဦးအောင်သူရိန်ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့ပေမယ့်လည်း ကုလသမဂ္ဂက နေရာမပေးခဲ့ဘဲ အရင် အစိုးရ လက်ထက်က ခန့်ထားတဲ့ ဦးကျော်မိုးထွန်းကသာ ဆက်လက် တက်ရောက်ခွင့် ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ပြုလုပ်တဲ့ ဥရောပ သမဂ္ဂအီးယူရဲ့ ဥရောပ ပါလီမန်အစည်းအဝေးမှာ ဆိုရင်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ်အဖြစ်နဲ့ လာမယ့် ၂၀၂၃ ခုနှစ် သြဂုတ်လအထိ အရေးပေါ် အခြေအနေ ကြေညာထားတာ တရားမဝင်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့က သာ မြန်မာပြည်သူတွေရဲ့ ဆန္ဒအရ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အဖွဲ့အစည်းတွေဖြစ်ကြောင်း ဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။

အခုလည်း အာဆီယံက မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းကို စေ့စပ်ညှိနှိုင်း ပေးဖို့အတွက် သြဂုတ်လ ကတည်းက ခန့်အပ်ထားတဲ့ အထူးသံတမန်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုရာမှာ စစ်ခေါင်းဆောင်တွေဘက်က ငြင်းပယ်ခဲ့ပါတယ်။ အာဆီယံကိုယ်စားလှယ်နဲ့ ပူးပေါင်း မဆောင်ရွက်လို့ဆိုပြီး အခုကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ခွင့်မပြုတဲ့အထိ ကြုံလာခဲ့ရပါတယ်။

အဲဒီနောက် နွေဦးတော်လှန်ရေးအတွင်း နိုင်ငံရေးအရ ဖမ်းဆီးထားသူ ငါးထောင်ကျော်ကို အကျဉ်းထောင် တွေကနေ လွှတ်ပေးလိုက်ရတဲ့ ဖြေလျော့မှုတွေအထိ တွေ့လာရပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေး လက်ရှိကျင်းပနေချိန် ဘရူနိုင်းနိုင်ငံက အထူးကိုယ်စားလှယ်ကို စစ်ကောင်စီ အနေနဲ့ ပူးပေါင်းမဆောင်ရွက်ဘူးဆိုရင် အာဆီယံက နောက်ထပ် ပိတ်ဆို့အရေးယူဖို့ ဆွေးနွေး ဆုံးဖြတ် ကြလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက သုံးသပ်ပါတယ်။

"သူတို့ရဲ့ အရန်ငွေ ဒေါ်လာ ခြောက်ဘီလျံ စင်္ကာပူဘဏ်တွေမှာ ရှိတယ်ဆိုပြီး ဦးအောင်နိုင်ဦး ပြောတယ် ဆိုတဲ့ ကိစ္စ အဲဒါကို အမေရိကန်ကလာပြီး ဆွေးနွေးပြီးတော့ ပိတ်လို့မရတောင်မှ ထုတ်ရတာ ခက်အောင် လုပ်လိမ့်မယ်လို့ထင်တယ်။ အာဆီယံရဲ့ ဘရူနိုင်းက အထူးကိုယ်စားလှယ် မဝင်လာတဲ့ကိစ္စက သူဝင်လာ ရင် တခြား နိုင်ငံရေးပုဂ္ဂိုလ်တွေ EAOs တွေနဲ့ တွေ့ခွင့်ရမယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့် မရရင် လာမယ် မထင်ဘူး။ ထပ်ပြီးတော့ ဘယ်လိုဖိအားပေးရင် ကောင်းမလဲဆိုတာ သူတို့ ဆွေးနွေး ကြလိမ့်မယ် ထင်တယ်’’

အိမ်နီးချင်း တရုတ်နိုင်ငံကလည်း သူ့ရဲ့ ပိုးလမ်းမစီမံကိန်း အိပ်မက်အရ မြန်မာပြည်ထဲ တည်ငြိမ်နေမှ ဆက်လက်အကောင်အထည် ဖော်ရမှာမို့ ပြည်တွင်းရေး အကျပ်အတည်းမှာ စစ်ခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးနွေးရေး စကားဝိုင်းပေါ် ရောက်လာဖို့ ဖိအားပေးနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောကြပါတယ်။

တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ် ဆွန်းကော့ရှန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက တစ်ပတ်တာ ခရီးစဉ် အဖြစ် နေပြည်တော်ကို ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မရခဲ့တဲ့အပေါ် နိုင်ငံရေးအရ ဖိအားပေးတဲ့ အနေနဲ့ လက်ရှိ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ကိုဗစ်အကြောင်းပြပြီး ပိတ်ထား တာတွေ ကြုံနေရတယ်လို့ လေ့လာသူအချို့က ထောက်ပြကြပါတယ်။

min-aung-hlaing-sum-guoxiang
(တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ Sun Guoxiang နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၁၇ မတ်လ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဥ်။) Photo: Myanmar Military)

တရုတ်နိုင်ငံ ကူမင်းမြို့မှာနေထိုင်တဲ့ တရုတ်-မြန်မာ ဆက်ဆံရေးအကြောင်း လေ့လာသူ ဒေါက်တာ လှကျော်ဇော ကတော့ တရုတ်နိုင်ငံဟာ မြန်မာ့ ပြည်တွင်းရေးကို ဖိအားပေးရာမှာ တိုးတိုးတိတ်တိတ်နဲ့သာ လုပ်နေတယ်လို့ သုံးသပ်ပါတယ်။

"တရုတ်ပဲဖြစ်ဖြစ် အမေရိကန်ပဲဖြစ်ဖြစ် နိုင်ငံတကာဖိအားမှာ အရေးအကြီးဆုံးပဲ တရုတ်ကတော့ သူ့ ပိုးလမ်းမပေါ့ စီးပွားရေးအရ အရေးကြီးဆုံးပဲ မြန်မာပြည်ကြီး မတည်ငြိမ်လို့မဖြစ်ဘူး။ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းတို့မှာ ရထားလမ်းတွေ ပေါက်သွားပြီ အဲဒီရထားလမ်းက မကြာခင် စင်္ကာပူထိ ရောက်တော့မှာ။ ယူနန်ပြည်နယ်က ဖြတ်ပြီးသွားမယ့်လမ်းက ဒီစစ်အာဏာရှင် ရှိနေသမျှ မြန်မာပြည် မတည်ငြိမ်သမျှ တရုတ်က ဖိအားပေးနေမှာပဲ။ ဒါကြောင့်မို့ နိုင်ငံတကာဖိအားက ဆက်လာမှာပဲ။ တရုတ်က တိုးတိုးကျိတ်ကျိတ် လုပ်တာပေါ့ဗျာ။ အမေရိကန်ကတော့ အခု သူက စင်္ကာပူကို သွားတယ် ဆိုတာ စကစ က ရင်တုန်စရာကြီးပေါ့ဗျာ။ စင်္ကာပူမှာ သူတို့ငွေတွေ ထားတာ ကြံ့ဖွံ့အဖွဲ့ကလည်း ဖျားသွားပုံရတယ်။ ဒါဟာ အမေရိကန်ရော တရုတ်ရော ဆက်ရှိမယ့်ကိစ္စ’’

ဒီရက်ပိုင်းထဲမှာပဲ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နေရာကို စင်ကာပူနိုင်ငံက မစ္စနိုလင်းဟေဇာ (Noeleen Heyzer) ကို ခန့်အပ်လိုက်ပါတယ်။

"တရုတ်ကတော့ သူ့ ပိုးလမ်းမပေါ့ စီးပွားရေးအရ အရေးကြီးဆုံးပဲ မြန်မာပြည်ကြီး မတည်ငြိမ်လို့မဖြစ်ဘူး။"

အာဆီယံဒေသတွင်းနိုင်ငံက ကိုယ်စားလှယ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယိုဂူတာ ရက်စ်က တာဝန်ပေးအပ်လိုက်တာဟာလည်း မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းမှာ ထိရောက်တဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်မယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာရဲ့ တိုက်တွန်းချက်တွေကို နောက်ထပ် မလိုက်နာဘူးဆိုရင် စင်္ကာပူနိုင်ငံက ဘဏ်တွေ အပ်နှံထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ထောက်တိုင်တွေရဲ့ ဘီလျံနဲ့ ချီတဲ့ ငွေကြေးတွေ ထုတ်ယူသုံးစွဲခွင့်တွေက အကန့်အသတ်အနေနဲ့ ဖြစ်သွားနိုင်မယ်လို့လည်း သုံးသပ်ကြပါတယ်။

နောက်တစ်ဆင့် ဖိအားအနေနဲ့ စစ်ခေါင်းဆောင်တွေရဲ့ ပြည်ပမှာ ထားရှိတဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ၊ ပြည်ပ ကုမ္ပဏီ ကြီးတွေနဲ့အတူ စီးပွားဖက်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စစ်လက်နက် ဝယ်ယူခွင့်တွေကိုပါ ပိတ်ဆို့လာနိုင်မယ် လို့လည်း ပြောကြပါတယ်။

စစ်ကောင်စီအပေါ် ခုလို နိုင်ငံတကာရဲ့ ဖိအားတွေက တစ်ပြိုင်နက် စုပြုံလာတာဟာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေရဲ့ ပြတ်သားတဲ့ တော်လှန်မှု တွေကြောင့်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့