အာဏာရှင်နိုင်ငံတွေနဲ့ စစ်ကောင်စီ ပူးပေါင်းမှု လုံခြုံရေးအတွက် စိုးရိမ်ရ
2023.09.22

အာဏာသိမ်းစက အိမ်နီးချင်း တရုတ်နိုင်ငံကြီးနဲ့သာ နီးကပ်ခဲ့တဲ့ စစ်ကောင်စီဟာ အာဏာသိမ်းသက်တမ်း သုံးနှစ်ထဲရောက်လာချိန်မှာ ကမ္ဘာ့အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ ဘယ်လာရုစ်၊ မြောက်ကိုးရီးယား တို့နဲ့ပါ ပူးပေါင်းဆောင်ရွက်မှု ပိုများလာပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကျော်အတွင်း တရုတ်အစိုးရ အာရှရေးရာအထူး ကိုယ်စားလှယ် တိန့်ရှီးကျွင်း အပါအဝင် တရုတ်ထိပ်တန်းခေါင်းဆောင်တွေ နေပြည်တော် ကို မကြာခဏ လာရောက်ခဲ့ပါတယ်။
အဏုမြူလက်နက်ပိုင်ဆိုင်ထားတဲ့ ရုရှားနိုင်ငံကိုတော့ စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် အာဏာသိမ်းပြီး နှစ်နှစ် အတွင်းမှာ သုံးကြိမ် သွားရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒုတိယအကြိမ်ခရီးစဉ်မှာ အသေးစား အဏုမြူ ဓာတ်ပေါင်းဖိုတစ်ခု မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ သဘောတူခဲ့ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းကစလို့ လက်တွေ့ လေ့လာဆန်းစစ်မှု တွေ လုပ်နေပါပြီ။
အခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ အဏုမြူလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနဲ့ ပါ စစ်ကောင်စီက သံတမန်ဆက်ဆံရေး ပြန်စခဲ့ပါတယ်။
ဒီလုပ်ရပ်တွေက ဒေသတွင်းသာမက ကမ္ဘာ့လုံခြုံရေးအတွက်ပါ စိုးရိမ်စရာကောင်းတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောပါတယ်။
“ဒီနျူကလီးယား နည်းပညာရယူဖို့ဆိုပြီးတော့ ရုရှားနိုင်ငံနဲ့ စာချုပ်ချုပ်တာ တွေ့တယ်။ အခု မြောက်ကိုရီး ယားနဲ့လည်း ဆက်သွယ်တာ တွေ့တယ်ဆိုတော့၊ ဒါကတော့ ဒီမြန်မာနိုင်ငံအတွက်တင် မကပါဘူး၊ ဒေသလုံခြုံ ရေး၊ ကမ္ဘာ့လုံခြုံရေးအတွက်ပါ စိုးရိမ်စရာတစ်ခုလို့ သုံးသပ်မိပါတယ်”
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံ နန်နင်းမြို့က နျူကလီးယားနည်းပညာဆိုင်ရာ ဖိုရမ်မှာလည်း စစ်ကောင်စီရဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေက မြန်မာကို နျူကလီးယား အဆင့်မြင့်နည်းပညာတွေ ထောက်ပံ့ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီဟာ အခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ကလည်း ရုရှားရဲ့အိမ်နီးချင်း ဘယ်လာရုစ်နဲ့ပါ သံတမန် ဆက်ဆံရေး တိုးချဲ့ခဲ့ပါတယ်။ ဘယ်လာရုစ်ဟာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ရှုတ်ချဖို့ ကုလသမဂ္ဂရဲ့ အဆိုကို မဲခွဲရာမှာ ကန့်ကွက်ခဲ့သလို မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတာပါ။
Progressive Voice အဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာကတော့ အာဏာရှင်ချင်း တူရင် တောင် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက ဆိုးရွားလွန်းတာမို့ တခြားအာဏာရှင်နိုင်ငံ အတွက် စိန်ခေါ်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။
“အာဏာရှင်ချင်းတူတာတောင်မှ ယုတ်မာရိုင်းစိုင်းပြီးတော့မှ ကမ်းကုန်နေတဲ့၊ ဘယ်လိုမှ လူပုံအလယ်မှာ လက်တွဲပြီးတော့ နှုတ်ဆက်ဖို့အတွက် မရဲတဲ့၊ မျက်နှာမပြရဲတဲ့၊ မျက်နှာ မဖော်ရဲတဲ့ ဒီအကြမ်း ဖက် စစ်အုပ်စု လိုမျိုးကို သူတို့နဲ့တန်းတူ ယှဉ်တွဲပြီးတော့မှ၊ အသိအမှတ်ပြုပြီးတော့မှ ဝန်းရံထောက်ခံ ပံ့ပိုးဖို့ ဆိုတာ ဒီတခြားအာဏာရှင်အတွက် စိန်ခေါ်ချက်က အများကြီး ကြီးပါတယ်”
နိုင်ငံတကာစင်မြင့်မှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ စစ်ကောင်စီက သွေးရူးသွေးတန်း လုပ်ဆောင်နေပေမယ့် တစ်ဖက်နိုင်ငံတွေကတော့ ကိုယ့်နိုင်ငံရဲ့ အကျိုး စီးပွားပေါ်မူတည်ပြီးသာ ဆက်ဆံကြလိမ့်မယ် လို့လည်း ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
အာဏာရှင်နိုင်ငံတွေနဲ့ စစ်ကောင်စီကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာတာနဲ့ ပတ်သက်ပြီး စစ်ကောင် စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
"မြောက်ကိုရီးယားနဲ့လည်း ဆက်သွယ်တာ တွေ့တယ်ဆိုတော့ မြန်မာနိုင်ငံအတွက်တင် မကပါဘူး၊ ဒေသလုံခြုံရေး၊ ကမ္ဘာ့လုံခြုံရေးအတွက်ပါ စိုးရိမ်စရာတစ်ခုလို့ သုံးသပ်မိပါတယ်”
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦး ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီနိုင်ငံတွေနဲ့ပူးပေါင်းတာက နျူကလီးယား လျှပ်စစ်ဓာတ်အားကိစ္စအတွက် ဖြစ်ပြီး ဒီကိစ္စကို အပျက်သဘော ရှုမြင်နေကြတယ်လို့ ပြောပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလိုနိုင်ငံတွေနဲ့ ပေါင်းစပ်လိုက်တဲ့အတွက်ကြောင့် အထူးသဖြင့်တော့ ဒီနျူကလီးယားဓာတ်အားပေးကဏ္ဍမှာတော့ ကျွန်တော်တို့အတွက် အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဒါတွေကလည်း ကျော်လွှားရမယ့်အပိုင်း တွေ အများကြီး ရှိပါသေးတယ်။ ပြင်ဆင်ရမယ့် အပိုင်းတွေရှိတယ်၊ လုပ်ရမယ့်အပိုင်း တွေ ရှိတယ်၊ လုပ်နိုင်ဖို့ပဲ ရှိတာ။ ဒါအခုမှ ကျွန်တော်တို့က ခြေလှမ်းလေး စရုံပဲ ရှိသေး တယ်။ ဒါပေမဲ့ အဲဒီခြေလှမ်းက အပျက်သဘောမှာ သိပ်မြင်နေကြတယ်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ် ကျွန်တော်တို့နိုင်ငံ တိုးတက်မှာကို သိပ်ပြီး မြင်ချင်ကြပုံ မပေါ်ဘူးလို့ပဲ သုံးသပ်ချက် ပေးချင်ပါတယ်”
တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ ပြည်တွင်းရေးကို မဖြေရှင်းနိုင်တဲ့ စစ်ကောင်စီအနေနဲ့ ဘယ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက် သည်ဖြစ်စေ အကြောင်းထူးမှာ မဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။
“စစ်ကောင်စီက သူ့ဟာသူ ဥပမာ - ရုရှားနဲ့ပဲ ဆက်ဆံဆက်ဆံ၊ တရုတ်နဲ့ပဲ ဆက်ဆံ ဆက်ဆံ၊ မြောက်ကိုရီးယားပဲ ဆက်ဆံဆက်ဆံ ဒီလူတွေဟာလည်း၊ ဒီနိုင်ငံတွေဟာ လည်း မြန်မာပြည်သူတွေရဲ့ မျက်နှာကို တစ်ကြောင်းမဟုတ် တစ်ကြောင်းထောက် နေရတာလေ။ ဒါကြောင့် ကျွန်မတို့က သူအနေနဲ့ သိပ်ပြီး ခရီးရောက်မယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းက ပြဿနာကို ပြည်တွင်းမှာ (စစ်ကောင်စီက) မဖြေ ရှင်းနိုင်လို့။ အထူးသဖြင့် စီးပွားရေးပြဿနာပေါ့။ နိုင်ငံရေးကလည်း အကျပ်အတည်း၊ စီးပွားရေးကလည်း အကျပ်အတည်း သူ့မှာ ထွက်ပေါက်ကို မရှိသ လောက်ဖြစ်နေတယ်။ ပြီးတော့ သူ့စစ်တပ်ကိုယ်တိုင်က ဖရိုဖရဲ ပြိုလဲမတတ် ဖြစ်နေတာလေ”
မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ Bertil Lintner ကတော့ တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နဲ့ မြောက် ကိုးရီးယားတို့လို အသွင်တူတဲ့ အာဏာရှင်နိုင်ငံတွေနဲ့ စစ်ကောင်စီက ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားနေတာ သိသာထင်ရှား တယ်လို့ RFA ကို ပြောပါတယ်။
ဒီနိုင်ငံတွေကသာ မြန်မာစစ်တပ်အတွက် ဘယ်လို စစ်လက်နက်မျိုးကိုမဆို ရောင်းချပေး နေတာက စစ်ကောင်စီ အတွက် အရေးပါတဲ့ အချက်တစ်ချက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီနိုင်ငံတွေဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ရောင်းလို့ ဝေဖန်ရှုတ်ချတာကိုလည်း ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ သတင်းစာဆရာ Bertil Lintner က မှတ်ချက်ပေး ပြောဆို ထားပါတယ်။