စစ်ကောင်စီ သံတမန်ဆက်ဆံရေးမှာ အထီးကျန်လာ

အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေးကို အနောက်နိုင်ငံအစိုးရတွေက အဆင့်လျှော့ချ သွားတော့မှာဖြစ်လို့ နိုင်ငံတကာမှာ မြန်မာဟာ အထီးကျန်နိုင်ငံ ဖြစ်လာဖွယ်ရှိကြောင်း Nikkei Asia သတင်းက မေလ ၉ ရက်ထုတ် ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်နေရာကို သံရုံးယာယီတာဝန်ခံအဖြစ် အဆင့်လျှော့ချဖို့ ဗြိတိန်အစိုးရနဲ့ စစ်ကောင်စီကြား သဘောတူညီမှုမရဘဲ လေးလကြာ သောင်မတင် ရေမကျ ဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာစစ်ကောင်စီက ဗြိတိန်သံအမတ်ကို ပြည်ဝင်ခွင့်မပေးဘဲ ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီက လက်ရှိသံအမတ် Pete Vowles ကို လက်မခံ နိုင်တဲ့အတွက် တခြားတစ်ယောက်ကို ခန့်အပ်ဖို့ ပြောဆိုခဲ့ပါတယ်။ ဒီပြဿနာဟာ စစ်ကောင်စီရဲ့ သံရေးတမန်ရေးမှာ အထီးကျန် ပိုဖြစ်လာနေတာကို ပြသနေပြီး၊ သံအမတ်တွေကို ပြစ်မှုနဲ့နေရာပြောင်းတာတွေ၊ တချို့နေရာတွေကို သံအမတ် မထားနိုင်တာတွေလည်း ပေါ်ပေါက်နေပါတယ်။

ဒီအတွင်း ၂၀၂၁ ခုနှစ် ဧပြီလက မြန်မာနဲ့ ဗြိတိန်ကြား သံတမန်ရေးဆိုင်ရာ ပြဿနာ ပေါ်ပေါက်ခဲ့ရာမှာ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်းက အာဏာသိမ်း မြန်မာစစ်ကောင်စီကို ပြစ်တင်ဝေဖန်ခဲ့ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ တိုက်တွန်းခဲ့တဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပါတယ်။

စစ်ကောင်စီက ဦးကျော်စွာမင်းကို လန်ဒန်နေအိမ်ကနေ ဖယ်ရှားဖို့ တောင်းဆိုခဲ့ပေမယ့် ဦးကျော်စွာမင်းက ငြင်းဆန်ခဲ့ပါတယ်။ ဗြိတိန်အစိုးရကလည်း အင်အားသုံးဖယ်ရှားဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်ကတော့ တခြားနေရာကို ပြောင်းရွှေ့နေထိုင်ဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်ခဲ့ပါတယ်။

myanmar-embassador.JPG
Myanmar's ambassador Kyaw Zwar Minn stands outside the Myanmar Embassy in London ၂ဝ၂၁ ခုနှစ် သြဂုတ်လက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ မြန်မာသံရုံးရှေ့တွင် တွေ့ရသော ဦးကျော်စွာမင်း။ (Photo: AFP) (TOBY MELVILLE/REUTERS)

ဒိန်းမတ်၊ ဂျာမနီ၊ အစ္စရေး၊ အီတလီနဲ့ တောင်ကိုရီးယားတို့ကလည်း တချို့နိုင်ငံတွေက သံအဆင့်လျှော့ချလိုက်ကြသလို တချို့က အဲဒီလိုလျှော့ချဖို့ စဉ်းစားနေကြတယ်လို့ Nikkei Asia သတင်းက ဆိုပါတယ်။

ဒါ့အပြင် အီးယူဥရောပသမဂ္ဂနိုင်ငံတွေကလည်း မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့သံရုံးတွေကို သံအမတ်တွေ မလွှတ်တော့ဖို့ အကြမ်းအားဖြင့် သဘောတူထားကြကြောင်း ဘရပ်ဆဲလ် အခြေစိုက် သံတမန်တွေ က ပြောပါတယ်။ အမေရိကန်နဲ့ ဂျပန်သံရုံးတွေကတော့ သူတို့ရဲ့သံအမတ်တွေကို အလှည့်ကျစနစ်နဲ့ ထားရှိကြောင်း သိရပါတယ်။

ဩစတြီးယား၊ အိုင်ယာလန်နဲ့ စပိန်အပါအဝင် မြန်မာနိုင်ငံမှာ အခြေချသံရုံးဖွင့်မထားဘဲ သံကိုယ်စားလှယ်ပဲ လွှတ်နေခဲ့တဲ့ နိုင်ငံတွေကလည်း စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ နောက်ထပ်သံကိုယ်စားလှယ် မလွှတ်တော့ဘဲ သံတမန်တွေဟာ၊ ထိုင်းနိုင်ငံ ဘန်ကောက်မှာပဲ အခြေစိုက်ကြပါတယ်။ အာဆီယံ ၁ဝ နိုင်ငံထဲက ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေကလည်း မြန်မာနိုင်ငံကို သံအမတ်တွေ ထပ်မလွှတ်သေးပါဘူး။

ဒီအတွင်း ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ မလေးရှားအစိုးရက သူ့သံအမတ်ကို မြန်မာပြည်ကနေ ပြန်ခေါ်ထားလိုက်ပါတယ်။ သူ့ကို မြန်မာစစ်တပ်နဲ့ အနီးကပ်ဆက်ဆံရေး ရှိသူအဖြစ် သိထားကြတာလည်း ဖြစ်ပါတယ်။ လက်ရှိ သီတင်းပတ်တွေအတွင်း၊ မလေးရှားအစိုးရဟာ၊ NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ဖို့ အာဆီယံကို တိုက်တွန်းနေပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း NUG နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဖေဖော်ဝါရီလအတွင်း အွန်လိုင်းကတစ်ဆင့် ဆွေးနွေးခဲ့ကြောင်းပြောပါတယ်။ အခုလိုတွေ့ဆုံတာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုနဲ့ NUG အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။

နိုင်ငံအတွင်းမှာတော့ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေကြောင့် ပြည်တွင်းမှာ အိုးအိမ်စွန့် ထွက်ပြေးရတာတွေ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးကတည်းက ကြီးထွားလာနေတဲ့ အရပ်သားတွေ တိုက်ခိုက်ခံနေရတာတွေအပေါ် နိုင်ငံတကာကလည်း ပြစ်တင်ရှုတ်ချနေတာပါ။ အခုထိ ပြည်သူ တစ်သောင်းလေးထောင်နီးပါး ဖမ်းဆီး အကျဉ်းချခံထားရပြီး ထောင်နဲ့ချီသေဆုံးခဲ့ကြရ ပြည်သူငါးသိန်းကျော် နေရပ်စွန့် ထွက်ပြေးခဲ့ကြရပါတယ်။