တန်းစီစနစ်နဲ့ဝယ်ယူနေရတဲ့ စားအုန်းဆီ

RFA Burmese
2023.09.28
တန်းစီစနစ်နဲ့ဝယ်ယူနေရတဲ့ စားအုန်းဆီ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် စားအုန်းဆီ တန်းစီဝယ်ယူသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်တပ်အာဏာမသိမ်းသေးတဲ့ ၂၀၂၀ ခုနှစ်မှာ တစ်ပိဿာကို ငွေကျပ် ၁၈၀၀ ကျော်ပဲရှိခဲ့တဲ့ စားအုန်းဆီဟာ အခုလပိုင်းတွေမှာတော့ ကျပ် တစ်သောင်းကျော်အထိဖြစ်သွားတဲ့အပြင် လိုသလောက် ဝယ်မရတော့ဘူးလို့ စားသုံးသူတွေက RFA ကို ပြောပါတယ်။

လက်ရှိမှာ စားအုန်းဆီတစ်ပိဿာကို ငွေကျပ် ၄၂၀၀ ကျော်စျေးနဲ့ တစ်အိမ်ထောင်ကို တစ်ပိဿာနှုန်းရောင်းဖို့ မြို့နယ်တွေမှာရှိတဲ့ ဆီကိုယ်စားလှယ်တွေကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

"ချွေးထွက်လွန်ပြီး မူးလဲတဲ့သူတွေလည်း ရှိတယ်"

ဒါကြောင့် ဈေးတွေမှာ စားအုန်းဆီကို လိုသလောက် လက်လီဝယ်မရတော့ဘဲ တန်းစီစနစ်နဲ့ ဝယ်နေရတယ်လို့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က မမေသူက RFA ကို ပြောပါတယ်။

"တစ်ပိဿာကို ၄,၈၀၀ အဲဒါတန်းစီးပြီးတော့ ဝယ်ရတာ။ သူတို့က ကတ်ကလေးတွေ ပေးတယ်။ အိမ်ရှင်မတွေကတော့ တန်းစီရတာပေါ့။ အလုပ်အားအား၊ မအားအား၊ သွားပြီးတော့။ စားစရာဆီမှ မရှိတာ။ အဲဒီတော့ တန်းစီပြီးတော့ စောင့်ပြီးဝယ်ရတယ်။ သူတို့ပေးတဲ့ နေ့မှရတာ။ အပြင်မှာ မရောင်းဘူး သူတို့ဆီမှာပဲရတာ။ (၁) နာရီကျရင်ပေးမယ်ဆို တုံကင်ယူပြီး သွားထိုင်စောင့်ရတာ လူကတော့ အများကြီးပေါ့"

တန်းစီဝယ်ပေမယ့် စားအုန်းဆီမရဘဲ ပြန်ခဲ့ရတဲ့နေ့တွေလည်း ရှိတယ်လို့ မန္တလေးမြို့က အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"နေလည်းပူတယ်။ တိုးဝှေ့နေရတာ။ ဆီဘူးလေးတွေ တန်းထားပြီးတော့ အုတ်ခဲလေးတွေနဲ့ နေရာမှတ်ပြီး နေရိပ်လေးထဲ ထွက်ထိုင်နေရတာ။ နေပူထဲမှာတော့ ဘူးလေးတွေတန်းထား။ နေ့လယ်ပိုင်းတွေလည်း ရှိတယ်။ မနက်ပိုင်းတွေလည်း ရှိတယ်။ အမျိုးမျိုးပေါ့။ တစ်ရက်ခြားတစ်ခါလောက် လူတွေ တန်းနေရတာ။ ဘယ်ရပ်ကွက်ကြည့်ကြည့် မန္တလေးတစ်မြို့လုံး အဲဒီလိုပဲ။ တချို့လည်း မရဘူး။ တန်းရင် ၃၀၀ လောက်ရှိတယ်။ သူတို့ရောင်းပေးတာ ၁၅၀ လောက်ပဲ ရောင်းပေးတာ"

ရာသီဥတုပူပူနဲ့ အချိန်အကြာကြီးတန်းစီရလို့ ချွေးထွက်လွန်ပြီး မူးလဲတဲ့သူတွေတောင် ရှိတယ်လို့ ရန်ကုန်မြို့က အိမ်ရှင်မတစ်ယောက်က RFA ကို ပြောပါတယ်။

"အခုစစ်ကောင်စီရောင်းပေးတဲ့ တစ်ပိဿာ ၄,၈၀၀ ကျော်နဲ့ကို ရပ်ကွက်က ဈေးဆိုင်လေးတွေမှာ ပြန်ဝယ်လို့ ရချင်တယ်။ နေပူကြီးထဲတန်းစီရတာ တော်တော်အဆင်မပြေဘူး။ ချွေးထွက်လွန်ပြီး မူးလဲတဲ့သူတွေလည်း ရှိတယ်။ စားအုန်းဆီက အခြေခံလူတန်းစားတွေပဲ စားတာဆိုတော့ တိုးတဲ့သူတွေလည်း ဒီလူတွေပဲပေါ့။ ရန်တွေဖြစ်ကြ၊ ဆဲကြ၊ ဆိုကြနဲ့ ဒီနှစ်နှစ်ခွဲအတွင်း ဘဝတွေက တော်တော်စုတ်ပြတ်သွားတာလို့ မြင်တယ်"

စစ်ကောင်စီ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းမရောင်းဘဲ ဈေးတင်ရောင်းတဲ့သူတွေကို ဖမ်းတာဆီးတာတွေလည်း ရှိတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

အခုလပိုင်းအတွင်း ဈေးကွက်မှာ စားအုန်းဆီ အရောင်းပြတ်လပ်တာတွေ ဖြစ်လာပါတယ်။ ဘာကြောင့်ပစ္စည်းပြတ်လာတာလဲလို့ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို RFA က မေးကြည့်ပါတယ်။

"အစိုးရ ရည်ညွှန်းဈေးနဲ့ ရောင်းရမယ်၊ မရောင်းရင်ဖမ်းမယ်ဆိုတဲ့ အခါကျတော့ ဟန်ပြနဲ့ ရောင်းကြတယ်။ အစိုးရ ရည်ညွှန်းဈေးနဲ့ရောင်းမယ် လိုချင်ရင်တန်းစီပေါ့။ လူတစ်ယောက်ကို ၅၀ သားပေးမယ်၊ ၄၂၀၀၊ ၄၅၀၀ လောက်နဲ့ လက်လီရောင်းပေးမယ်ပေါ့။ ဒါပေမဲ့ လိုသလောက် မရဘူး။ ဆီကုန်သည်တွေဘက်ကလည်း လိုသလောက်ရောင်းမယ်ဆို ဒီဈေးနဲ့မရောင်းနိုင်ဘူးဆိုတဲ့ အခြေအနေတွေပါလာရော။ ဆိုတော့ ဈေးပိုရောင်းရင်လည်း အဖမ်းခံရမယ်။ မရောင်းရင်လည်း အဖမ်းခံရမယ်ဆိုတော့ အရောင်းပိတ်ထားတော့ ဈေးကွက်ထဲမှာ ဆီပြတ်လပ်တာပေါ့။ အဓိကကတော့ ဈေးကွက်စီးပွားရေး mechanism (ယန္တရား) အောက်တာပေါ့"

အခုလိုဖြစ်နေတာဟာ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား မနိုင်မနင်းဖြစ်နေတာကို ပြသနေတာလို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် စားအုန်းဆီ တန်းစီဝယ်ယူသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် စားအုန်းဆီ တန်းစီဝယ်ယူသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ သူတို့အနေနဲ့ သင့်တင့်တဲ့စျေးနဲ့ ရောင်းပေးရင်တောင် ရောင်းခွင့်မရဘဲ ရပ်ခိုင်းထားတယ်လို့ ပြောပြပါတယ်။

"သူတို့က တကယ်ကိုအပြင်မှာ ၅,၄၀၀ နဲ့ ရောင်းပေးရင် မရောင်းရဘူး ရပ်ထားခိုင်းတယ်။ ဆီကိုပဲ တန်းစီပြီးရောင်း။ ဦးတို့အမြင်မှာ ဒီဆီက ရေရှည်သွားမလား။ ဒီလိုပဲ ရုပ်ပြပြနေမလား။ နိုင်ငံတကာကလာတဲ့ ဧည့်သည့်လာတဲ့အချိန် ပြည်သူတွေကို လုံလောက်စွာပေးနေပါတယ်လို့ ရုပ်ပြပြနေတာလား။ ဒီပုံစံက ဘယ်တိုင်းပြည်မှာမှ မရှိဘူး။ မိမိစားတဲ့ စားအုန်းဆီတန်းစီရတဲ့ဘဝက မြန်မာတစ်နိုင်ငံပဲရှိတယ်"

မြန်မာနိုင်ငံကို ၂၀၂၁ ခုနှစ်မှာ ပြည်ပကနေ စားအုန်းဆီတင်သွင်းတဲ့ ပမာဏ ၃.၁ တန်ရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာ တော့ ၂.၃ တန်တင်သွင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီနှစ်ထဲမှာ ဘယ်လောက်တင်သွင်းထားလဲဆိုတဲ့ စာရင်းတော့ မတွေ့ရသေးပါဘူး။

ပြည်တွင်းမှာ ဆီထုတ်လုပ်မှု မလုံလောက်တဲ့အတွက် စားအုန်းဆီလိုအပ်ချက်ရဲ့ သုံးပုံနှစ်ပုံကို ပြည်ပကနေ အမြဲတင်သွင်းနေရပါတယ်။ စစ်တပ်အာဏာသိမ်းပြီး နောက်မှာတော့ မြန်မာငွေတန်ဖိုး ကျသွားတဲ့အတွက် ပြည်ပကနေ ဝယ်ယူတင်သွင်းရတဲ့ ကုန်ပစ္စည်းတိုင်း ဈေးနှုန်းမြင့်တက်လာသလို ပစ္စည်းလည်း ရှားလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။