မိတ္ထီလာမြို့နယ်က ရွာတစ်ရွာမှာ ဗုံးပေါက်ကွဲ လူ ၂ ဦး သေဆုံး


2019.03.08
meiktila-bombs-622.JPG မိတ္ထီလာမြို့နယ်အတွင်းက ကျေးရွာမှာ လက်ပစ်ဗုံးသီးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သူတွေကို တွေ့ရစဉ်
Photo: Htet Aung

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ လက်ပစ်ဗုံးသီးပေါက်ကွဲမှု ဒီနေ့ မနက်က ဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့ပါတယ်။

RFA သတင်းထောက် မသက်စုအောင်က တင်ပြထားပါတယ်။

■ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အင်ပင်၀ ကျေးရွာမှာ ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက် ၁၂ နှစ်အရွယ်နဲ့ အသက် ၂၁ နှစ်အရွယ် မောင်နှမနှစ်ဦး သေဆုံးခဲ့ပါတယ်။

အသက် ၁၂ နှစ်အရွယ် ၇ တန်း ကျောင်းသားကလေးဟာ သီးနှံချိန်တွယ်ရာမှာ အသုံးပြုတဲ့ ကတ္တားနဲ့ လက်သီးဆုပ်အရွယ်ရှိတဲ့ လက်ပစ်ဗုံးသီးအသေးကို ထုရိုက်ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘေးမှာရှိတဲ့ အမဖြစ်သူကိုပါ ထိမှန်ကာ နေရာမှာတင် မောင်နှမ နှစ်ယောက်လုံး သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

မောင်နှမနှစ်ယောက်ဟာ မနေ့က ညနေ ၅ နာရီခွဲအချိန်မှာ အင်ပင်ဝကျေးရွာတောင်ဘက် ၅ မိုင်ခန့်အကွာကို ဆိတ်ကျောင်းသွားရာကနေ အဲဒီ ဗုံးသီးကို ယာကွင်းပြင်အတွင်းမှာတွေ့လို့ အိမ်ကို ယူဆောင်လာခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းက ဖော်ပြထားပါတယ်။

လက်ရှိ ပေါက်ကွဲခဲ့တဲ့ လက်ပစ်ဗုံးအမျိုးအစားနဲ့ ဘယ်က လက်ပစ်ဗုံးဆိုတာကိုတော့ အတည်မပြုပေးနိုင်သေးဘူးလို့ အင်းပင်ဝကျေးရွာမှာရှိတဲ့ နယ်မြေခံ ရှမ်းမငယ်ရဲစခန်းမှူး ရဲအုပ် မောင်မောင်က RFA ကို အခုလို ပြောပါတယ်။

"ဘာမှမသိရသေးဘူး၊ စိစစ်ဆဲ အနေအထားပဲ ရှိပါသေးတယ်၊ဗုံးအဟောင်းလို့ သိရတယ်၊ ဗုံးသီးအဟောင်းလို့ပဲ သိရတယ်၊ ကျန်တာအတည်ပြုလို့မရသေးဘူးခင်ဗျ"

သေဆုံးသွားတဲ့ မောင်နှမနှစ်ယောက် ဗုံးသီးကို ယူဆောင်ခဲ့တဲ့ နေရာအနီးဝန်းကျင်မှာ ဇရပ်ကွင်း စက်ပစ်ကွင်းရှိပြီး အဲဒီ စက်ပစ်ကွင်းမှာ လွန်ခဲ့တဲ့ တစ်လ ဝန်းကျင်လောက်က တပ်မတော်က လေ့ကျင့်ရေး ဆင်းတာမျိုးတွေရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ရာမှာတော့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာကိုတော့ မိတ္ထီလာမြို့နယ် ဖလန်ကျင်းကျေးရွာအနီးမှာရှိတဲ့ အမြောက်သင်တန်းကျောင်းက ဒုတိယဗိုလ်မှူးကြီးကလည်း သွားရောက်စစ်ဆေးခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်ရှင်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။